4 (U+Z)

7.9K 74 0
                                    

"တောက် ! "

မီးပွိုင့်မှာ ရပ်တုန်း တစ်ဖက် ကားမှန်ကို မှီပြီး မှေးနေတဲ့ ဂျန့်ရဲ့ ဘေးစောင်း မျက်နှာထားကို ငေးခနဲ ဖြစ်သွားမိတဲ့ ကိုယ့်ကိုယ်ကို စိတ်ပေါက်ပေါက်နဲ့ တောက်ခတ်လိုက်မိသည်။

"အိပ်ရေးဝပြီလား ? မဝလည်း ရုံးခန်းထဲ ရောက်မှ အိပ်တော့"

"မှေးနေတာပါ ဆမ်ကလည်း။ ဂျန် မအိပ်ပါဘူး"

ဆမ် တစ်ချက် မျက်စိကို ကဲကြည့်ရင်း ခပ်သွက်သွက် ဆင်းကာ ကားတံခါး ဖွင့်ပေးတော့ ဂျန်က မျက်လုံး အဝိုင်းသား ဖြစ်သွားသေးသည်။ ထို့နောက် ကားပေါ်က ကြွကြွရွရွလေး ဆင်းလာကာ ဆမ့် လက်ကို လာချိတ်လေသည်။

ချစ်လို့ ယူကြတာမှ မဟုတ်ပဲလို့ ပြောခဲ့တာ သူ မဟုတ်သလိုပင်။

"ဂျန့် ယောင်္ကျားက တကယ် ခန့်တယ် ဟီး"

".........."

ဆမ် ဘာမှမပြောပဲ လက်ကိုင်အိတ်ကို လာတောင်းတဲ့ Secretary ကို နေခဲ့ခိုင်းပြီး ဝိုင်းကြည့်နေတဲ့ မျက်စိတွေ ရှေ့မှာပဲ ဆမ့် မူပိုင်ရှင်နဲ့အတူ ရုံးခန်းရှိရာဆီ သေသေသပ်သပ် ခြေလှမ်းရင်း လျှောက်သွားခဲ့သည်။

ဆမ့် လုပ်ငန်းခွင်ကို အခုမှ မြင်တွေ့ဖူးတဲ့ ဂျန်ကတော့ အကုန်လုံးကို ခြုံငုံ အကဲခတ်နေလေသည်။ အထူးသဖြင့်တော့ ဝန်ထမ်းမိန်းမတွေကိုပေါ့။ သာမန်ထက်ကို ပိုပြီး ပြင်ဆင်ထားကြသလိုပဲ။ တစ်လျှောက်လုံး ဆမ့် လက်ကို တွဲလာတဲ့ ဂျန့်ကိုလည်း မလိုတဲ့ အကြည့်တွေနဲ့ မခိုးတရို့ ကြည့်နေကြတာ သိသိသာသာ။

"ဆမ် ~ "

".........."

ဆိုဖာပေါ် ထိုင်ချရင်း ဆမ့်ကို ညုတုတု အကြည့်နဲ့ ကြည့်လာသည်မို့ ဆမ် သက်ပြင်းချရင်း ခေါင်းခါပြလိုက်ရသည်။ လုပ်စရာ ရှိတဲ့ အလုပ်တော့ အရင် လုပ်ရဦးမည်။ ပြီးမှ ... ။ အင်း ... ပြီးမှ။

ရုံးခန်း ဖွဲ့စည်းပုံက ရှင်းသည်။ အလယ် တည့်တည့်မှာ ဆမ့်ရဲ့ အလုပ် စားပွဲကျယ်ကြီး ရှိပြီး ဘယ်ဖက်မှာ နံရံကပ် စင်ကြီး ရှိပြီး စာအုပ်စာတမ်း၊ မှတ်တမ်းနဲ့ ဖိုင်အချို့ ရှိသည်။ ထိုဘယ်ဖက်မှာတင် ဧည့်သည်အများနှင့် အလုပ်ဆွေးနွေးရန် ဆိုဖာ ထိုင်ခုံရှည်နှစ်ခု ကြားက စားပွဲရှည် တစ်လုံး ရှိသည်။ ညာဘက်မှာတော့ အရင်က အလုပ်မှာပဲ အချိန်ကုန်တတ်တဲ့ ဆမ့်အတွက် အိပ်ခန်းရှိသည်။ ဆမ့် အလုပ်စားပွဲနောက်မှာတော့ မှန်နံရံကျယ်ကြီး ရှိလေသည်။

She & HerWhere stories live. Discover now