သာမန်နေ့လေးတစ်နေ့ပေတည်း။
အချိန်မှန် ချက်ပြုတ်၊ အချိန်မှန်စားသောက်ကြရင်း ယခင်နေ့တွေလို နေ့ရက်တစ်ခုပါပဲ။နေ့လည်စာစားရင်း ကိုးရတုစံ၏ မသာယာနေသော မျက်နှာကြောင့် ရေခဲ သတိထားမိသွားသည်။
“ညီ အိပ်ရေး မဝဘူးလား”“ဟမ် ဘာဖြစ်လို့လဲ”
“မျက်နှာသိပ်မလန်းလို့”
ကိုးရတုစံ ဘာမှ ပြန်မပြောဖြစ်ခဲ့။
အိပ်ရေးမဝခြင်းများမှာ သူ့အရှေ့က ကောင်လေးအား တွေးပူမိခဲ့ကြောင်းကို သူဘယ်လိုပြောထွက်ရက်ပါ့မလဲ။ဝမ်းနည်းစရာအတိတ်တွေကို မမှတ်မိခြင်းက ကောင်လေးအတွက် အကောင်းဆုံးသာဖြစ်ပါလိမ့်မည်။
“မြေး သင်္ကြန်ရောက်တော့မယ်နော်”
ဖုန်းရဲ့ တစ်ဖက်ရှိ ဦးညွန့်စံ၏ အသံဖြစ်လေသည်။“သင်္ကြန်ရောက်တော့ရော ဘာဖြစ်လဲ
သားက ရွာမှာပဲ နေရမယ့်ဟာ”“ဘဘပေးတဲ့ တာဝန်ကို ကျေရင်တော့ စောစောပြန်လာပေါ့ကွာ”
ဘဘပေးတဲ့ တာဝန်...။
ထိုအခါမှ ကိုးရတုစံ သတိရသွားသည်။
သူ သည်ရွာကို ရောက်လာရခြင်းအကြောင်းမှာ လူတွေအပေါ်အကျိုးရှိအောင်နေဖို့ ဖြစ်သည်။
သို့သော် ဤရွာတွင် ကြီးကြီးမားမားအခက်အခဲဖြစ်နေသူ မရှိ။
သူ့အတွက်ကတော့ ရွာတွင် သနားစရာအကောင်းဆုံးမှာ မိမိအနားရှိ ရေခဲသာဖြစ်လေသည်။
ကိုးရတုစံ ချက်ချင်းမေးလိုက်သည်။
“အဘွားဒေါ်စိုးစိုးက အရင်က ကလေးတစ်ယောက်မွေးစားဖူးတာလား”ဦးညွန့်စံ အံ့ဩသွားရသည်။ သူ့တစ်သက်တာတွင် သဘာဝလွန်ဖြစ်ရပ်အဖြစ် ဒုတိယအကြိမ် ကြုံကြားဖူးခြင်းဖြစ်သည်။ ပုန်းကွယ်နေခဲ့တာကြာပြီဖြစ်တဲ့ မိသားစုတွင်းအကြောင်းကို
ဝေးလံလှတဲ့ ရွာမှာရောက်နေတဲ့ ကိုးရတုစံက ဘယ်လို သိနေတာလဲ။
တကယ်ပဲ အမေက...။
“သား ဘယ်လိုသိတာလဲ”“တကယ်မွေးစားခဲ့တာလား အခုသူဘယ်မှာလဲ”
“ဘဘ မမှတ်မိဘူး သူထွက်သွားတော့ ဘဘက နှစ်နှစ်သားပဲ ရှိသေးတယ်”
သတင်းအစအန တစ်စုံတစ်ရာ ရမလာသော်ငြား ကိုးရတုစံ ကြိုးစားရှာဖွေကြည့်ချင်မိသည်။
ရေခဲကို ဒီကျိန်စာကနေ လွတ်မြောက်နိုင်ဖို့ရန်အတွက် ရရှိလာသည့် ကောင်ရိုးမျှင်ဟာ သေးငယ်မှိန်တုတ်နေသော်ငြား သူ လက်လှမ်းမီသလောက် ဖမ်းဆုပ်မိချင်သည်။