ဖြိုးအိ
ကျွန်တော့်နာမည်က စည်သူ ။ ကျွန်တော် ငယ်ငယ်ထဲက အရမ်းခင်တဲ့ ကောင်တစ်ကောင်ရှိတယ်။ ခင်ဗျားတို့မှာလည်း ရှိမှာပဲ။ ဒီကောင့်ကို အကုန်လုံးက လေအိုး လို့ ခေါ်ကြတာ။ လေအရမ်းပေါတဲ့ကောင်။ နာမည်အရင်းက ထွဋ်ခေါင် ဆိုပေမယ့် အဲ့နာမည်ကို ဘယ်သူမှ မခေါ်ပေါင်ဗျာ။
လေအိုးနဲ့ ကျွန်တော်နဲ့ စသိတော့ ၃ တန်းဗျ။ ကလေးဘ၀ ကျောင်းမှာ ဘောလုံးကန်ရင်း သိတာ။ ငယ်ငယ်ထဲက ကျွန်တော်က လူလည်ကျတာ။ ဒီကောင်တွေအမြဲ ရှေ့တန်းတို့ နောက်တန်းတို့ လုနေရင် ဂိုးဖမ်းရင် ကျွန်တော်ပဲ။ လေအိုးက ရှေ့တန်းတိုက်စစ်မှုးကြီး အသေဖြစ်ချင်တာ။
အဲ့နေ့က ရှေ့တန်း သူသွားမယ် ငါသွားမယ် လုနေတုန်း ကျွန်တော်က လေအိုးကို ရှေ့တန်းပေးဖို့ ပြိုင်ငြင်းပေးလိုက်တာ လေအိုးရှေ့တန်းဖြစ်ကော။ မဖြစ်လည်း မရဘူးလေ။ ဂိုးသမားမရှိရင် ဘောလုံးကန် မရဘူးမလား။ ဂိုးဖမ်းမယ့်သူက ခပ်ရှားရှားရယ်။ ဒီလိုနဲ့ ကျောင်းဆင်းတော့ လေအိုးက ကျနော့်ကို မုန့်ဝယ်ကျွေးတယ်။ သူ့ဖက် ဝင်ငြင်းပေးလို့ပေါ့။ အဲ့ထဲက ခင်လာခဲ့တာ အသက် ၃၀ ကျော် ကိုယ်စီအလုပ်တွေအကိုင်တွေနဲ့ အိမ်ထောင်ကျတဲ့ အထိပဲ။
ကျွန်တော်တို့ အိမ်ထောင်ကျတော့လည်း ရှေ့ဆင့်နောက်ဆင့်။ ဒီကောင်က ၁၁ လပိုင်း။ ကျွန်တော်က ၁၂ လပိုင်း။ ကျွန်တော်တို့ မိန်းမတွေလည်း နောက်တော့ ခင်သွားကြတာပဲ။ လေအိုးနဲ့ ကျွန်တော်က အရမ်းခင်တာကိုး။ တတွဲတွဲနဲ့ နေကြတာ အခုခေတ်ဆို swing တယ်လို့တောင် ထင်ကြမှာ။ တစ်ယောက်ငွေလို တစ်ယောက်ချေး၊ တစ်ယောက် စီးပွားရေး တစ်ယောက်ကူညီနဲ့ အပြန်အလှန်ပေါ့။
ဖြစ်ချင်တော့ ကျွန်တော်တို့ သူငယ်ချင်းတွေကြား ဝင်လာတာက ကျွန်တော်တို့ မိန်းမတွေ မဟုတ်ဘူး။ လေအိုးညီမ ဖြိုးအိ ။ ဟုတ်တယ် သူ့နာမည်ကဖြိုးအိ။ ကျွန်တော်တို့ထက် အသက် ၁၀ နှစ်လောက် ကွာတယ်။ လေအိုးကော ကျွန်တော်ကော သူ့ကို ပေါက်စလို့ပဲခေါ်တာ။ ချွဲတာကလည်း ၂ ကောင်လုံးကို အသေချွဲတာ။ ဆိုးလည်းဆိုးတယ် နိုင်လည်းနိုင်တယ်။ အလိုလိုက်တာဆိုလို့ ကျွန်တော်တို့ ၂ ကောင်ပဲ ရှိတာကိုး။
လေအိုးတို့အိမ်က အရမ်းတင်းကြပ်တာ။ ဇာတ်လမ်းဖြစ်တာက သင်္ကြန်တွင်းကြီးဖြစ်တာ။ အဲ့နှစ်သင်္ကြန်တုန်းက လေအိုးက သူ့ရဲ့ လိုက်ထရပ်လေးကို သင်္ကြန်လိုက်မယ်ဆိုပြီး ထလုပ်ကော။ သူ့မိန်းမကလည်း လေအိုးရဲ့ ပိုးကိုမနိုင်တော့ ထွက်ပေါ့ သူလည်း လိုက်မယ်လေတဲ့။ လင်မယား ၂ ယောက်လုံးက လိုက်မယ်ဆိုတော့။ ဒီကောင့်ညီမ ဖြိုးအိ ကလည်း လိုက်မယ် တကဲကဲ။
သူ့အဖေနဲ့ အမေက သင်္ကြန်ဆိုတာနဲ့ တရားစခန်းပဲ ဝင်ခိုင်းတာ ဟိုးကလေးဘဝထဲက။ အခု အသက် ၂၀ ကျော်တောင် တရားစခန်း လွှတ်နေတုန်း။ ဖြိုးအိကလည်း သူ့အထာနဲ့သူ။ သူ့ဘဲနဲ့ သူပတ်လည်ဖို့ လေအိုးကို အကြောင်းပြတာ။
လေအိုးက ညီမကိုတော့ ချစ်ပါရဲ့။ ဒါပေမဲ့ မိဘနှစ်ပါး ထောင်းမယ့်ဒဏ်ကို ပိုကြောက်တယ်လေ။ ဒီတော့ မနိုင်မယ့်အတူတူ ဖြိုးအိကို မခေါ်ချင်ဘူး။ ဒီတော့ ထုံးစံအတိုင်း ကျုပ်အိမ်ရောက်ချလာပါကော။ မိန်းမရှေ့မှာ မဲ့ကာ ရွဲ့ကာ တမျိုး ငိုလိုက်ရယ်လိုက်တမျိုး ချွဲနေတော့ မိန်းမကလည်း အမြင်ကပ်လာပုံရတယ်။
“နင်သာလိုက်သွားလိုက်အေ။ တကတည်း သူ့အိမ်ကလည်း လွန်ပါတယ်။ အပျိုကြီးတောင် ဖြစ်တော့မယ် အခုထိ သင်္ကြန်မလည်ခိုင်းဘူး”
ဆိုပြီးပြီး ရွဲ့ပြောတယ်။ ကိုယ့်မိန်းစကား ကိုယ်နားလည်သောကြောင့် သေချာအကျိုးအကြောင်း ရှင်းပြရတာပေါ့။
“ဟဲ့မိန်းမ။ နင်မသိဘူးနော်။ ဒီပေါက်စမက သူ့ဘဲနဲ့ သူလည်ချင်လို့ သက်သက် ဂွင်ဆင်နေတာ”
မိန်းမကို ပြန်ပြောရင်း ဖြိုးအိခေါင်းကို ဒေါက်ခနဲခေါက်တော့ ဖြိုးအိက နှုတ်သီးစူသွားသည်။ မတတ်နိုင် .. ကိုယ့်မိန်းမရှေ့တော့ အနိုင်ပေးလို့မရ။ မဟုတ်ရင် ဒီကောင်မလေး လုပ်ပုံနဲ့ ညစာငတ်ဖို့များသည်။
“ဒါများဟယ် သူ့ဘဲမလိုက်ခိုင်းနဲ့ပေါ့။ တို့လင်မယား ၂ ယောက် ထိန်းမယ်လေ။ သူ့အိမ်ကို နင်လိုက်ပြောရင် ရပါတယ်။ ”
မိန်းမဖြစ်သူ၏ စကားကြောင့် စူနေသော နှုတ်သီးက မဲ့သွားသည်။ သူ့အတတ် သူစူးပြီလေ။ ပေါက်စမဲ့သွားတာမြင်တော့ ကျုပ်လည်း မိန်းမ အကြံပေးတဲ့အတိုင်းလုပ်ဖို့ ဆုံးဖြတ်လိုက်သည်။
လမ်းမှာတစ်ခွန်းမှ စကားမပြော။ ပွစိပွစိနှင့် ဘာတွေ ကျိန်ဆဲနေလဲမသိ။ ကိုယ်သာ စပ်ဖြီးဖြီး။ လေအိုးအိမ်ကလည်း တစ်ကားလုံးက သူငယ်ချင်းတွေ လင်မယားတွေဆိုတော့ တစ်ရက်တော့ ပေးလွှတ်သည်။ ဒါတောင် မနည်းတောင်းတောင်းပန်ပန် ပြောရတာ။
“မောင်စည်သူ မင်းပါလို့ လွှတ်တာနော်။ မင်းသူငယ်ချင်း လေအိုးသာဆိုလို့ကတော့ မယုံရဲဘူး။ ဒီကောင်က သူ့မိန်းမနဲ့သူ အလုပ်ရှုပ်နေမှာ။ ”
“ဟုတ်ကဲ့ပါ ဖြိုးအိကို ခေါင်းခန်းထဲ ထည့်ထားလိုက်လေ။ အဲ့တာဆို အေးဆေးပေါ့။”
“အေး အေး အဲ့အကြံကောင်းတယ်။ သမီးမိန်းကလေးဆိုတာ . .. …..”
ထုံးစံအတိုင်း သြဝါဒတွေ ခြွေလာတော့ မကြားချင်ယောင်ဆောင်တုန်း ကျနော့်ကို ဒိုင်းခနဲ ပေါက်စက မျက်စောင်းလှမ်းထိုးပါတော့သည်။
လည်တဲ့နေ့ရောက်တော့ ခေါင်းခန်းထဲက လင်မယားရယ် ဖြိုးအိရယ် သင်္ကြန်လည်တာများ ဟာသကိုဖြစ်လို့။ ထမိန်ရယ် shirt အကျီကြီးရယ် အပေါ်က အနွေးထည်ကြီး ဝတ်ထားသေး။ ကားမထွက်ခင် ပြောတာများ ၁ နာရီလောက်ရှိတယ်။ ကားနောက်ခန်းက ကျွန်တော်မိန်းမက ခေါင်းဖက်မှာ ကျွန်တော်ကတော့ အနောက်အစွန်ကနေ ကလေးတွေကို ထိန်းရတာပေါ့။ လည်တာမှ ကမ္ဘာအေး မရောက်သေး။ ကားက ထိုးရပ်သွားပြီးဇောင့်ဇောင့်နဲ့ ဖြိုးအိမ ခေါင်းခန်းက ဆင်းချလာသည်။ မျက်နှာကတော့ စပ်ဖြီးဖြီး။ အနွေးထည်လဲ မရှိတော့။ shirt နဲ့ ထမီနဲ့။
ကားဘေးမှာ ပဲနဲ့လျှောက်နေတုန်း တခြားကားတစ်စီးက ဗွမ်းခနဲ ပက်ချလိုက်တာ တစ်ကိုယ်လုံး ရွှဲသွားပါလေရော။ ဒီတော့မှ တစ်သက်လုံး ကလေးလို့ ထင်ထားတဲ့ ချာတိတ်မရဲ့ အလှတွေ ထင်းခနဲ။ ကိုယ့်မျက်စိဟာလည်း ဝင်းခနဲ။ အို မဖြစ်သေးပါဘူးလေဆိုပြီး အရှေ့က မိန်းမဆီပို့ရတယ်။ ဒီနောက်က ကောင်တွေနဲ့ဆို အိမ်ပြန်ရင် ထဘီတောင်ကျန်မယ်မထင်။ ကားနောက်ခန်းက ကျွန်တော်ကလည်း ကလေးတွေ မျက်နှာလုပ်တဲ့ ဘီယာတွေ တဗူးပြီးတဗူး ကစ်တာပဲ။ ခါးကြားထဲက ၈ ပတ်ပြားလေးနဲ့ တင်ရတာပေါ့။ ရေလေးစိုလိုက် ကစ်လိုက်နဲ့ ကမ္ဘာအေးရောက်တော့ ကားက ထုံးစံအတိုင်းကြပ်သည်။
လူငယ်တွေ ၄ ယောက်လောက်ပါတော့ ဆင်းမလျှောက်ခိုင်း။ ဒီတိုင်း အိပဲ့အိပဲ့နဲ့ တိုးနေတာ။ ပေါက်စမကိုကြည့်တော့ အအေးဗူးက တစ်ဝက်တောင် ကုန်နေပပြီ။ အရှေ့ပြေးရင်းနဲ့ အအေးဗူးယူမော့ကြည့်တော့ အံမာ ရောထားတာဗျား။ ဆူလည်းဆူချင်တယ် အနောက်က ကောင်တွေက သူ့ထက်ပိုကဲနေတော့ ခေါင်း ၂ ချက်လောက်ခေါက်ပြီး နဂိုနေရာ ပြန်ထိုင်ရတယ်။
မဖြစ်သေးပါဘူးလေဆိုပြီး ကားရှေ့ပြန်သွားပြီး မိန်းမကိုလည်း ပေးမသောက်ဖို့ သတိပေးတောမှ ကိုယ့်မိန်းမကပါ အပျိုလုပ်နေတာ။ သူကစ်ထားတာ ဖြိုးအိထက် ပိုများပုံရတယ်။ တဟီဟီနဲ့ ။ လခွီးပါကွာလို့ ရေရွတ်ရင်း လူငယ်တွေထဲက ထိန်းနိုင်တဲ့ကောင်ကိုပဲ ရန်မဖြစ်အောင်ထိန်းဖို့ ပြောရင်း ကိုယ့်ကောင် ၂ ကောင် ကိုယ်ပြန်ထိန်းနေရတယ်။ ဖြိုးအိမက နည်းနည်းရယ်။
“ဟေး ချစ်..ဘာလုပ်နေလည်း ဘာညာ” နဲ့ လင်ထောင်နေတာ ကိုယ့်မိန်းမ။ မူးတာက နည်းနည်း ယွတာက များများ။ အခုချိန်ပြောလည်း နိုင်မှာမဟုတ်တော့။ ဖြိုးအိကို ကြည့်တော့လည်း ချာတိတ်က ပြုံးစိစိ။
ကန်တော်ကြီးရောက်တော့ ဆုံရပ်ကိုပြောပြီး လမ်းဆင်းလျှောက်ကြတယ်။ မဏ္ဍပ်တွေရှေ့ရောက်ရင် ဝင်ကတဲ့ ကောင်ကိုလည်းထိန်း။ ယိုင်နေတဲ့ ကိုယ့်မိန်းမကိုလဲတွဲနဲ့ ဖြိုးအိတောင် မကြည့်ဖြစ်ဘူး။ အဲ့အချိန်လေးမှာပဲ ဝှစ်ခနဲ ဘယ်လစ်သွားတယ်မသိ။ မယ်မင်းကြီးမက ပျောက်သွားပါလေကော။ အဲ့တော့မှ ခေါင်းမီးတောက်တာ။ ခုနက ကစ်ထားတဲ့ ၈ ပတ်ပြားလည်း ဘယ်နံကြားရောက်မှန်း မသိတော့။ ခေါင်း ဆင်နင်းတယ်ဆိုတာ ဒါကိုပြောတာ။
ကိုယ့်မိန်းမကို သူငယ်တွေကြားထဲ ထားခဲ့ရမှာလည်း စိတ်ကမချနိုင်။ မတတ်သာတဲ့အဆုံး ကိုယ့်မိန်းမကိုတွဲဖို့ ကောင်လေး ၂ ကောင် လက်ထဲထည့်ပြီး သကောင့်သားမကိုရှာဖို့ ထွက်ရပါလေကော။ အဲ့နှစ်က IC show ရှိတယ်။ အကုန် IC show ဒိုးကြတာပေါ့။ တွေ့ချင်တော့ ချာတိတ်မကို အိမ်သာရှေ့မှာ ယောင်လည်လည်နဲ့ တွေ့တယ်။
ခုနက သမဖို့ပြင်ထားတာ နည်းနည်းတော့ လျော့သွားတယ်။ ဒါပေမယ့် လက်ကိုပြေးဆွဲပြီး ဒေါက်ခနဲ ခေါက်ဖြစ်အောင် ခေါက်လိုက်သေးတယ်။ ပါးစပ်ကလည်း ဆူတာပေါ့။ ပြောတာများ တန်းကိုစီနေတာ။ ဂန်းနာမလေးက ဒါတောင်စပ်ဖြီးဖြီနဲ့။ ကျွန်တော့်ကိုကြည့်ပြီး
“ဘာတွေစိတ်ပူနေတာတုန်း ကလေးမှ မဟုတ်တော့တာကို။ ခိခိ”
ဆိုပြီး ပြန်ပြောတယ်။
“ဟေ”
“ဟုတ်တယ်လေ.. ကိုလေးတို့က ဖြိုးအိဆို အမြဲ ကလေးလို့ ထင်နေတာမလား။ ဘာလဲ ရေစိုမှ လူကြီးမှန်း သိတာလား”
ဖြိုးအိ၏ စကားက မှန်လွန်းလို့ ခဏတောင် ဆွံ့အသွားသည်။ ဟန်ကိုယ်ဖို့ဆိုသလို
“နင်လျှာမရှည်နဲ့ နင်ပျောက်သွားရင် ငါသေမှာမလို့။ နင့်ကိုဘာမှ စိတ်မပူဘူး။ အပိုတွေ ပြောမနေနဲ့ လာ။”
ဟုဆိုကာ လက်ကိုဆွဲရင်း ခေါ်လာတော့လည်း မငြင်းသည့်အပြင် ပြောသေးတာက
“ဟီး.. ကိုလေးနဲ့ ဖြိုးအိက အခုကျတော့လည်း ရန်ဖြစ်ထားတဲ့ စုံတွဲတွေကျနေတာပဲ ဟဲဟဲ”
ရယ်ပုံကိုက လူယုတ်မာ အသံနဲ့ရယ်တာ။
” .. .. ..”
ဘာမှပြန်မပြောပဲ လက်ကို အတင်းဆွဲကာ ခေါ်လာရင်း သူက ဖက်ခနဲဆို ခါးကို ဖက်ကာ
“ကိုလေး..နေပါဦး ခဏနားထောင်”
ဆိုပြီး ကျွန်တော့်ကို ဆွဲလှည့်တယ်။ ရုတ်တရက်ဆိုတော့ ကြောင်သွားပြီး ဘာဆက်ပြောမလဲ နားထောင်မိတာပေါ့။
“ဖြိုးအိကို မိန်းကလေးလို့ကို မထင်တာလား”
“ဟာ.. မိန်းကလေးမလို့ စိုးရိမ်တာပေါ့ဟ”
“ကိုလေး စိုးရိမ်တာ သိပါတယ်။ အဲ့တာပြောတာ မဟုတ်ဘူး။ ဖြိုးအိကို ကိုလေးမိန်းမအပေါ် မြင်သလို မမြင်ဘူးလား”
နွယ်ပြီလေ။
“ဒါ.. ဒါက..”
“ကိုလေး.. မလိမ်ပါနဲ့နော်.. ဖြိုးအိကို ဒီနေ့ ကိုလေးကြည့်တာတွေ မရိုးသားဘူး အမှန်အတိုင်းဖြေ”
“အာ.. ကြည့်တာက အော် ဒီကလေးမ အရွယ်ရောက်လာပါလားဆိုပြီးပဲ ကြည့်တာပါ။ နင်က ငါ့ညီမအရင်းလိုပါပဲ။ တခြား မတွေးနဲ့”
” အပိုတွေ ”
“….”
“ကိုလေးဟာလေ… အဖြစ်ကို မရှိဘူး”
ဖြိုးအိ၏ မှတ်ချက်ကြောင့် ဒေါသက ဒိုင်းခနဲ ထွက်သွားပြီး ပါးနှစ်ဖက်ကို ကိုင်ကာ ပြွတ်ခနဲ နှုတ်ခမ်းကို ဆွဲနမ်းလိုက်မိသည်။
“….”
“…..”
နှစ်ယောက်လုံး ခဏကြောင်သွားတာပေါ့။ နောက်တော့ လက်ကိုဆွဲပြီး လမ်းလျှောက်လာရင်း သူမက ခါးကိုလှမ်းဖက်တော့ ကျွန်တော် မရွေ့နိုင် မလှုပ်နိုင်။ ဆူညံနေသော ပတ်ဝန်းကျင်တစ်ခုလုံးမှာ ကျွန်တော်တို့ ၂ ယောက်က တိတ်ဆိတ်ညင်သာလှသည်။ ဟုတ်သည်။ ကျွန်တော်တို့ ၂ ယောက်လုံး နားလည်တယ်လေ။ ဒါမဖြစ်နိုင်တဲ့ ကိစ္စဆိုတာ။ ဒါမူးနေတုန်း ဖြစ်မိတဲ့ အဖြစ်အပျက်သာသာ။ အချိန်တန်ရင် မေ့သွားမှာ..။ ဒီလိုနဲ့ပဲ . . . . ဆက်ရန်