“ဒါ မင်းယူလာခဲ့တဲ့ဟာလား?”
မီးဖိုချောင်သုံး အေပရွန်ဝတ်ထားသော အပေါ်ပိုင်းကိုယ်လုံးတီး အမျိုးသားတစ်ဦးသည် ကွမ်းရင်း(မယ်တော်)၏ စိမ်းမြသော ရုပ်တုကို ဆုပ်ကိုင်ထားသည်။
အဖြူရောင် အေပရွန်သည် မသန့်ရှင်းဘဲ အဝါရောင်နှင့် အနက်ရောင်ဆီများဖြင့် စွန်းထင်းနေသည်။ ခေါင်းတုံးဆံတောက်နှင့်လူသည် ချောမောသော်လည်း မျက်ခုံးမွှေးများကတော့ ဒေါသအပြည့်နှင့်ပင်။ သို့သော် သူ့လက်ထဲရှိ ကွမ်းရင်းသည် ကြာပန်းကိုကိုင်ထားကာ ပြုံးနေပြီး သူ့ခြေရင်းတွင်ရှိနေသည့် ပလ္လင်ကတော့ တိမ်များဖြင့် ဖုံးလွှမ်းထားသည်။
ကျောက်စိမ်းပစ္စည်းသည် အရောင်ဖျော့နေပြီး ပိုင်ရှင်သည် တစ်နှစ်ပတ်လုံး အသုံးပြုထားသောကြောင့် ဆီပြန်၍တောက်ပြောင်နေသော အလွှာဖြင့် မီးအိမ်အောက်တွင် လင်းလက်နေကာ ထိုပစ္စည်းကို ကိုင်ထားသော ခက်ထန်နေသည့်လူနှင့် လားလားမှလိုက်ဖက်မှု ရှိမနေပေ။
ကျန်းမင်သည် ငယ်စဉ်ကတည်းက သိခဲ့သော ဝမ်မိသားစု၏ သူဌေးကြောင့် ဤစီးပွါးရေးကြီးကို လုပ်ဆောင်ရန် ထွက်လာခဲ့သည်။ ဂမ်းစတားတစ်ယောက်နှင့် တူသူတစ်ဦးထံမှ မေးခွန်းကို ကြားလိုက်ရသည့်အခါ သူနောင်တတသီကြီးနှင့် ကြောက်လန့်သွားရသည်။ သူက မြန်မြန်လေး ခေါင်းညိတ်ပြလိုက်ပြီး “ဟုတ်ပါတယ်၊ ဒါက ကျွန်တော့်အမေရဲ့ မိသားစုကနေ မျိုးရိုးစဉ်ဆက် လက်ဆင့်ကမ်းခဲ့တဲ့ ပစ္စည်းပါ၊ နှစ်တစ်ရာကျော် သက်တမ်းရှိပါတယ်၊ မင်း လက်လွှတ်လိုက်ရင် အဖိုးမဖြတ်နိုင်တဲ့ရတနာတစ်ခုပဲ”
ဝမ်တရယ်က ခေါင်းတညိတ်ညိတ်လုပ်နေသည် : ဖီလောင်းပန်၊ အရင်တုန်းကဆို ဒီပစ္စည်းက ဗုဒ္ဓရဲ့ အရှေ့မှာ ထားခဲ့တဲ့ ပစ္စည်းကောင်းပါပဲ၊ အမွှေးနံ့သာတွေ စွန်းထင်းခဲ့တာလည်း နှစ်ပေါင်းရာနဲ့ချီနေပြီ၊ ဒီလောက် နှစ်တွေကြာတာတောင် ပစ္စည်းရဲ့ ကျော်ကြားမှုကို မဆုံးရှုံးခဲ့ဘူး၊ ငါက မင်းရဲ့ တောင်းဆိုချက်ကို နားထောင်ပေးလို့သာ၊ အသင့်တော်ဆုံးဟာကို ငါ ရှာတွေ့လာခဲ့တာ!”
ဖီလောင်းပန်က အလင်းရောင်အောက်တွင် ကွမ်းရင်းရုပ်တုကို လှည့်၍ကြည့်နေလျက်၊ ကြုတ်ထားသည့် မျက်မှောင်ကတော့ လုံးဝ ပြေလျော့မသွားပေ။ လောင်ကျန်းနှင့် လောင်ဝမ်ကတော့ စိုးရိမ်နေပြီ၊ သူ့ပါးစပ်မှ မကောင်းသည့်အရာ တစ်ခုခု ထွက်လာမှာကို ကြောက်နေကြသည်။
“စျေးပြော”
လောင်ကျန်းက ဂဏန်းတစ်ခုကို ပြောလိုက်သည်၊ ဖီလောင်းပန်ကတော့ ရှားရှားပါးပါး ရယ်လေ၏၊ ဒီအပြုံးက လုံးဝမပြုံးတာထက်ကို ပိုဆိုးသည်၊ အခန်းထဲရှိ တခြားလူနှစ်ယောက်ကို ထိတ်လန့်စေခဲ့သည်။
ဖီရှိုး : “အောက်ခြေမှာရှိတဲ့ နှင်းဆီပန်းပွင့်ပုံတစ်ခုက ပျောက်နေတယ်၊ ကျောအနောက်ဘက်က အောက်ခံရွှေကလည်း ပျောက်နေသေးတယ်၊ ဒီစျေးကို တန်တယ်လို့များ မင်းထင်နေတာလား?”
“ဒါ……ဒါ……”
လောင်ကျန်းက အံကြိတ်ကာ၊ နောက်ထပ် ဂဏန်းတစ်ခုကို ပြောသည်၊ ဖီမျိုးရိုးနှင့် ဟွော်ဖူး(ထမင်းချက်)က နောက်ထပ်ရယ်တော့မည်ကို မြင်ရသည့်အခါ၊ မြန်မြန်လေး ပြောလိုက်သည် : “ဒီ့ထက်ပိုပြီး စျေးနိမ့်ပေးလို့ မရတော့ဘူး! ငါ့အမေက မသေသေးပါဘူး၊ ငါ ဒီကျောက်စိမ်းကို အဟုတ် ရှင်းထုတ်ပစ်ချင်နေတာ မဟုတ်ရဘူး”
ဖီရှိုးက သူ့ကို ကြည့်လိုက်သည် : “ကောင်းပြီလေ၊ ငွေသားနဲ့လား ချက်နဲ့လား?”
လောင်ကျန်းက မှင်တက်သွားသည် : “အခု……အခုဆို ပိုက်ဆံသယ်ဖို့ ထရပ်ကားလိုမှာ”
ဖီရှိုးက သူ့ဘောင်းဘီအိတ်ကပ်ထဲမှ ချက်လက်မှတ်ကို ထုတ်ကာ ဖြည့်လိုက်ပြီး၊ လောင်ကျန်း၏ ရှေ့တွင် ထားလိုက်သည် : “ရပြီ၊ ယူပြီးရင် အမြန်လစ်တော့”
လောင်ကျန်းက ချက်လက်မှတ်ပေါ်မှ ဂဏန်းများကို ကြည့်ကာ တံတွေးမျိုချလိုက်ပြီး၊ အသံတွေတုန်လျက် အမေးစကားဆိုလာသည် : “ဒါ၊ ဒါက ချက်လက်မှတ်ဖြစ်နိုင်ပါ့မလား?”
ဖီလောင်းပန်က ဒီစကားကိုကြားသည်နှင့် မျက်ခုံးတွေပင့်သွားပြီး ဒေါသထွက်တော့မည်ကို လောင်ဝမ် မြင်လိုက်သည်နှင့်၊ လောင်ကျန်းကို အမြန်ဆွဲခေါ်ကာ ချက်လက်မှတ်ကိုပါ ဆွဲယူလိုက်သည် : “ဘာပေါက်ကရတွေ လျှောက်ပြောနေတာလဲ? ဖီလောင်းပန်က ဒီလိုလူမျိုးမဟုတ်ဘူး။ ဖီလောင်းပန်၊ ငါတို့ အရင်သွားတော့မယ်၊ မင်းရဲ့ လုပ်ငန်းက အရောင်းဝယ်သွက်တယ်၊ အရောင်းဝယ်သွက်တယ်”
ကျန်းမင်က ဆိုင်ထဲကနေ သူ့လောင်ကောကောရဲ့ တွန်းထုတ်တာကို ခံလိုက်ရပြီး၊ လေပူက သူ့မျက်နှာကို ဖြတ်တိုက်လိုက်သည့်အခါ စိတ်ပြေလျော့သွားသည်၊ သူ့နှဖူးသူပြန်စမ်းကြည့်မိသည့်အခါ ချွေးပြန်နေပြီး ကြောက်လွန်း၍ ထွက်လာခြင်းပင်။
“ဝမ်ကော၊ အဲ့ဒါ ဘယ်လို လောင်းပန်မျိုးလဲ?” ချက်လက်မှတ်ကို ကိုင်ထားသည့် ကျန်းမင်ရဲ့လက်တွေက တုန်ယင်နေဆဲ၊ သူက နောက်ပြန်လှည့်၍ ‘စားသောက်ဆိုင်’ဟုရေးထားသော ဟောင်နွမ်းစုတ်ပြတ်နေသည့် ဆိုင်းဘုတ်ကို လက်ညှိုးထိုးပြလိုက်သည်၊ ဆိုင်းဘုတ်အောက်ရှိ အပြင်ထုတ်ထားသည့်မီးဖိုချောင်မှနေ၍ ဆီနံ့ထွက်သော မီးခိုးများက အပြင်သို့ ထွက်နေသည်၊ တံခါးမှ အုတ်ကြွပ်ပြားများကို အဝါရောင်ဆိုးထားသည်၊ ဘယ်လိုပဲကြည့်ကြည့် မြို့ပြစီမံခန့်ခွဲမှုက ဒဏ်ရိုက်ခံထားရပုံပဲ။
ကျန်းမင် : “ဒီလောက်များတဲ့ ပိုက်ဆံတွေကို တစ်ခါတည်းနဲ့ ထုတ်ပေးနိုင်တာက မသန့်ရှင်းလောက်ဘူး မဟုတ်လား?”
ဝမ်မျိုးရိုးနှင့်လူက သူ့ကို စိန်းစိန်းဝါးဝါးကြည့်လာသည် : “မင်းက ချီးပဲသိတယ်၊ အခုခေတ်မှာ၊ လူချမ်းသာတွေက အရမ်းထူးဆန်းကြတယ်၊ ခုနက ဒီစားသောက်ဆိုင်ရဲ့ အတွင်းပိုင်းကို မင်းမကြည့်လိုက်ဘူးလား? အလှဆင်ထားတာတွေနဲ့ ပရိဘောဂတွေက အကုန် ပစ္စည်းကောင်းတွေချည်းပဲ……”
ဝမ်ကောက သူ့အသံကို တိုးလိုက်သည် : “အပြင်မှာ အရမ်း စုတ်ချာချာနိုင်နေတာ၊ တခြားသူတွေ အမြင်အတွက်ပဲ၊ စုံစမ်းစစ်ဆေးမှာ ကြောက်လို့လေ”
ကျန်းမင်းက ရုတ်တရက် နားလည်သွားပြီး အထပ်ထပ်ခေါင်းညိတ်လိုက်သည်၊ သူလည်း မကြာသေးမီက မြို့တွင်းရှိ ကိစ္စဝိစ္စများကို တင်းကြပ်စွာ ထိန်းချုပ်ထားကြောင်းကို ကြားသိထားသည်၊ ဂမ်းစတားတွေက နေရာတိုင်းမှာ ရှိနေသည်၊ ဒီလိုနေရာမျိုးကို ရွေးထားတာ အံ့ဩစရာမရှိတော့ပေ၊ စိုက်ပျိုးမွေးမြူရေးစျေးနှင့် ဘတ်စ်ကားမှတ်တိုင်ဘေးတွင် ရှိနေပြီး၊ မြို့ထဲမှ ပုန်းအောင်းစရာနေရာကြီးတစ်ခုဟု သူတွေးမိသည်။
ဝမ်ကောက သူ့ကိုဖက်ပြီး : “လမ်းလျှောက်၊ ငါ ဘဏ်မပိတ်ခင် ပိုက်ဆံထုတ်ရမယ်”
လူနှစ်ယောက်က လမ်းလျှောက်သွားကြသည်၊ တံခါးဝတွင် ရပ်နေသော မျောက်နှင့်တူသည့် စားပွဲထိုးက သီးသန့်အခန်းတံခါးဆီ ပြေးသွားပြီး တံခါးခေါက်သည် : “လောင်းပန်၊ သူတို့သွားပြီ၊ ဟုန်အာ့(မျောက်နံပါတ်နှစ်)က သူတို့နောက်က လိုက်သွားပြီ”
“သိပြီ၊ ခဏလိုက်ပြီး ပြန်လာခိုင်း၊ မမိစေနဲ့”
“ကောင်းပြီ၊ လောင်းပန်”
အခန်းအပြင်ဘက်မှ အသံများက တိုးသွားသည်၊ ဖီရှိုးက စားပွဲတွင်ထိုင်နေပြီး မျက်မှောင်ကုတ်နေလျက်၊ စားပွဲပေါ်မှ ကျောက်စိမ်းကွမ်းရင်းကို ကောက်ကိုင်ကြည့်နေသည်။
“ဒီလိုဟာမျိုးအတွက်များ မင်းပါးစပ်ကို ဘယ်လိုဖွင့်ရဲရတာလဲ?”
သူက လှောင်လိုက်ပြီး စားပွဲပေါ်သို့ ကျောက်စိမ်းကွမ်းရင်းကို ပြန်ပစ်လိုက်သည်။
ဖီရှိုးသည် လူသားနှစ်ယောက်က သူ့ပိုက်ဆံတွေအများကြီးကို ယူသွားသဖြင့် နှာကစ်နေသည်၊ စိတ်တိုလို့လည်းမရ ထိုးနှက်ပစ်လို့လည်းမရနဲ့။
အခုဆို အရင်ကနဲ့ မတူတော့၊ လူသားတွေက ကမ္ဘာကြီးရဲ့ ကံတရားအများစုရဲ့ အကြောင်းအရင်းဖြစ်နေသည်၊ လွယ်လွယ်လှုပ်ရှားလို့မရပေ၊ သူစားချင်သလောက်ကို တစ်ကိုက်ထဲနဲ့ အများကြီးစားလို့ရတဲ့ အရင်ကလိုမဟုတ်တော့၊ အဲ့ဒီတုန်းက ကိုယ်လုပ်ချင်တာကို လုပ်နိုင်တဲ့ခေတ်။
အဲ့ဒါထက် သူကလည်း အရိုးအများကြီးရှိနေတဲ့ ခြေနှစ်ချောင်းနဲ့ သိုးတွေကို စိတ်မဝင်စားပေါင်။
ဒေါသတရားက ဖီရှိုးရဲ့ ခန္ဓာကိုယ်ကို ပူစေသည်၊ သူ့ခန္ဓာကိုယ်ကို ၁၆ ဒီဂရီရှိတဲ့ လေအေးပေးစက်မှ လေတွေတိုက်နေတာကလည်း သူ့ခေါင်းကို ကုတ်နေသလောက်ပင်ရှိကာ ပူနေတုန်းပင်။ သူက ထိုင်ခုံပေါ်မှာ နည်းနည်းလောက်ကြာအောင် ထိုင်နေပြီး၊ မျက်မှောင်ကြီးကြုတ်ကာ စိတ်ပျက်နေပုံပေါက်ပြီး ကွမ်းရင်းရုပ်တုက ဆွဲလျက် သီးသန့်ခန်းထဲမှ ထွက်သွားလိုက်သည်။
မျောက်မှင်စာ/ဝိညာဉ်စားပွဲထိုးက သူ ထွက်လာတာကို မြင်သည်နှင့် မြန်မြန်လေး ဦးညွတ်ကာ အလေးပြုလိုက်သည် : “လောင်းပန်”
“လုပ်စရာရှိတာ သွားလုပ်၊ ငါ အပေါ်ထပ်သွားပြီး ခဏထိုင်ဦးမယ်၊ ကိစ္စရှိရင် ငါ့ကို ခေါ်လိုက်”
ဖီရှိုးက သူ့လက်ကို ဝှေ့ယမ်းလိုက်ပြီး ဒုတိယထပ်ရှိ လှေကားရှေ့တွင် ချိတ်ဆွဲထားသော ပုတီးစေ့ကုလားကာကို ဖွင့်လိုက်သည်၊ ခြေလှမ်းလှမ်းလိုက်ပြီးသည်နှင့် သူ့အနောက်မှ ဆူညံသံများက သူ့နားထဲမှ ပျောက်သွားသည်၊ အနောက်ဘက်မှ စားသောက်ဆိုင် ဧည့်ခန်းတွင် စိတ်လှုပ်ရှားစရာ မရှိပေ၊ တိတ်ဆိတ်မှုသာ ကျန်ရှိနေတော့သည်။
သူက လှေကားပေါ်တက်သွားသည်၊ ထောင့်ကိုကွေ့လိုက်သည်နှင့် အေပရွန်ကို ချွတ်ပြီး လှေကားပေါ်တွင် ချိတ်၍ ခန္ဓာကိုယ်အပေါ်ပိုင်းကိုယ်လုံးတီးဖြင့် ရှေ့ကိုဆက်လျှောက်သွားသည်။
ဒုတိယထပ်က အခန်းကျယ်ကြီးပင်၊ ဒီနေရာမှလှေကားတွင်လည်း ပုတီးစေ့ကုလားကာကို ချိတ်ဆွဲထားပြီး၊ ကျောက်စိမ်းနှင့် ပုလဲများကို အလှည့်ကျ ချည်နှောင်ထားသည်၊ လေတိုက်၍ အချင်းချင်းတိုက်မိကြသည့်အခါ ပိုက်ဆံအသံလေးများကို ပြုလုပ်ကြသည်။
ဖီရှိုးက ကန့်လန့်ကာကို ဖွင့်လိုက်သည်နှင့် တီဗွီထဲမှ အမျိုးသမီးကြယ်ပွင့်က ငိုနေ၏၊ သေခါနီး အသက်ရှူနေသည့်အသံက ဖီရှိုးကို ခေါင်းကိုက်စေသည်၊ သို့ပေမယ့် တီဗွီရှေ့မှလူကတော့ ပျော်ပျော်ကြီး ကြည့်နေသည်၊ တင်ပျဉ်ခွေထိုင်နေပြီး၊ ဖီရှိုးကိုတောင် မကြည့်ပေ။
ဖီလောင်းပန်က စိတ်မဆိုးပါ၊ သူက ကွမ်းရင်းရုပ်တုကို စားပွဲပေါ်တွင် တင်လိုက်ပြီး၊ တီဗွီရှေ့မှာ ထိုင်နေသည့်လူကို ပြောသည် : “မကြည့်နဲ့တော့၊ ဒီကိုလာခဲ့”
အဲ့ဒီလူက အဖြူရောင် ဝတ်ရုံကို ဝတ်ထားပြီး၊ အလွတ်ကျက်ရုံသာလုပ်နိုင်သည့် ရှေးခေတ်မှ ကျောင်းသားလေးလို ဝတ်စားထားသည်၊ ရှည်လျားသောဆံပင်ကို အဖြူရောင်အ၀တ်ဖြင့် စည်းထားပြီး သစ်သားဆံထိုး ထိုးထားသည်၊ သူ့မျက်နှာကတော့ သူဝတ်ထားသည့် အဖြူရောင်ဝတ်ရုံထက်တောင် ဖြူနေသေးသည်။
သူက ဖီရှိုးရဲ့ အသံတုန်နေသည်ကို ကြားနေရသည်၊ ဒါပေမယ့် သူကဆိုဖာတွင် ထိုင်နေပြီး မလှုပ်ပေ၊ တီဗွီကိုသာ စိုက်ကြည့်နေပြီး နှုတ်ခမ်းကို ဆူထားသည်။
အခန်းက တစ်ခဏလောက် တိတ်ကျသွားသည်၊ ဖီရှိုးရဲ့ အသက်ရှုသံက စတင်၍ အနည်းငယ်လေးလံလာသည်၊ သူက လေအေးပေးစက်ကို အနိမ့်ဆုံးထိ ချလိုက်ကာ ထပ်ပြောသည် : “ငါ့ကို တတိယအကြိမ် ပြောရအောင်မလုပ်နဲ့၊ လာခဲ့!”
စာသင်သားလေးက လေထဲတွင် မျောလာသည်၊ ဖီရှိုးကို ဖျက်ခနဲကြည့်လိုက်ကာ ချက်ချင်းပဲ သူ့မျက်လုံးတွေကို ကာပြီး အတွန့်တက်တော့သည် : “မင်းကဘာလို့ အပေါ်ပိုင်းပြောင်နေတာလဲ? ယဉ်ကျေးမှုကိုမရှိဘူး”
ဖီရှိုးက သရော်လိုက်သည် : “လောင်းဇီက မင်းလို တစ္ဆေလေးကို သေအောင် မရိုက်ပါဘူး၊ အမျိုးသားကောင်းလေးဖြစ်နေတာ နှစ်တစ်ရာရှိနေပြီ”
“အရှက်မရှိလိုက်တာ၊ အပြာရောင်ကောင်းကင်ကြီးနဲ့ အဖြူရောင်နေအောက်မှာ ကိုယ်လုံးတီးကြီးနဲ့……”
စာသင်သားလေးရဲ့ အတွေးများက ပါးစပ်မှ ထွက်လာသည်၊ သူ့ရဲ့ မျက်နှာမှာ မလိုလားခြင်းဖြစ်မှုတစ်ရာနှင့်၊ ဒါပေမယ့်လည်း သူက မျောလွင့်လာပြီး ဖီးရှိုးဘေးတွင် သွားရပ်လိုက်ဆဲပင်၊ သူရဲ့ ဝတ်ရုံလက်ဖျားကို ကိုင်လျက် သူ့အမြင်ကို ကွယ်ထားကာ ဖီရှိုးရဲ့ အရွတ်တွေက သူ့မျက်လုံးတွေကို ဖောက်ဝင်မလာအောင်ပင်။
“မင်းကတော့ မင်းရဲ့ ဘယ်လက်ကို မလိုချင်တော့ဘူး ထင်တယ်”
ဖီရှိုးက လှောင်လိုက်ပြီး သူ့လက်ကို ဆန့်ကာ စာသင်သားတစ္ဆေလေးကို မ၍ သူ့အရှေ့မှာထားလိုက်သည်၊ အေးစက်စက်အထိအတွေ့က သူ့မျက်ခုံးတွေကို နည်းနည်းလေး ပြေလျော့သွားစေသည်။
“ဘာလုပ်တာလဲ?”
စာသင်သားက ခဏလောက်ရုန်းကန်နေပြီး နောက်တော့ လှုပ်နေတာကို ရပ်လိုက်သည်၊ ဘာပဲဖြစ်ဖြစ် သူ့ကို ဖီရှိုးက လက်မောင်းတွေထဲထည့်ပြီး သူ့ပေါင်ပေါ်မှာ ဒီလိုထိုင်ခိုင်းတာ ပထမဆုံးအကြိမ်မှ မဟုတ်တော့ဘဲ၊ သူ့ပုံက ကြိတ်မှိတ် လက်ခံထားရသည့်ပုံပင်၊ သူ့မှာ မှီထားရတာတောင် မလှုပ်နိုင်ပေ။
ဖီရှိုးက သူ့ကို လက်တစ်ဖက်ထဲနှင့် ကိုင်ထားကာ၊ သူ့ရဲ့ နာနာခံခံပုံလေးကို စိတ်ကျေနပ်လို့နေသည်၊ ဖီရှိုးက သူ့လက်မောင်းတွေကို ပိုတင်းလိုက်ပြီး အပူချိန်လျော့အောင် စာသင်သားလေးရဲ့ တစ္ဆေခန္ဓာကိုယ်ကို အတင်းဖိကပ်စေသည်။
စားပွဲပေါ်မှ ကွမ်းရင်းရုပ်တုက သူ့လက်ထဲကို ထိုးထည့်ခံလိုက်ရသည်၊ စာသင်သားလေးက ခေါင်းငုံ့ရင်း မှင်တက်မိနေပြီး မေးလိုက်သည် : “မင်း ဒါကို ဘယ်ကနေရှာလာတာလဲ?”
“ငါ လူသားနှစ်ယောက်ဆီကနေ ရှာဝယ်ထားတာ” ဖီလောင်းပန်သည် သူကရုပ်တုကို သူ့လက်ထဲထည့်ဖက်ထားပြီး ပြန်မလွှတ်ပေးတော့တာကို မြင်လိုက်သည့်အခါ ပြောလာသည် : “အခုကစပြီး နေ့ဘက်အချိန်တွေမှာ မင်း ဒီကျောက်စိမ်းထဲကို ဝင်နားနေလို့ရပြီ၊ ဒီဟာရဲ့ အရည်အသွေးက သိပ်မကောင်းပေမယ့်လည်း၊ အနည်းဆုံးတော့ နှစ်တစ်ရာလောက် ကိုးကွယ်ခံထားရတာပဲလေ၊ စုတ်ပြတ်နေတဲ့ ငါးဖမ်းပိုက်ကွန်လို မင်းရဲ့ဝိညာဉ်ကို ပြန်ပြင်ဖို့ လုံလောက်ပါတယ်”
“လူသားနှစ်ယောက်?” စာသင်သားက ဖြည်းဖြည်းလေး ပြောသည် : “ငါက လူသားမဟုတ်တော့တာကိုတောင် မေ့ခါနီးနေပြီ”
“မင်း လူသားမဟုတ်တော့တာ နှစ်ပေါင်းရာချီနေပြီ” ဖီရှိုးက သရော်လိုက်သည် : “ဒီကမ္ဘာမှာ နှစ်ရာချီသက်တမ်းရှိနေတဲ့ သရဲတစ္ဆေတွေ မရှိဘူး”
စာသင်သားက သူ့လက်ထဲမှရုပ်တုကို ပွတ်နေပြီး ဘာမှမပြောပေ၊ သူက ရုတ်တရက် မေးခွန်းမေးဖို့ကို တွန့်ဆုတ်နေသည် : “ဒါအတွက် မင်းဘယ်လောက်ပေးလိုက်ရလဲ?”
“ကျစ်” ဖီရှိုးက စိတ်မရှည်စွာနဲ့ စာသင်သားရဲ့ ခါးသိမ်သိမ်လေးကို တင်းတင်းဖက်လိုက်ပြီး သူ့အပေါ်သူ ထပ်ဖိကာ ပူလောင်လှတဲ့ ရင်ဘတ်က အေးစက်နေသည့် စာသင်သားရဲ့ ခန္ဓာကိုယ်နဲ့ ထိသွားသဖြင့် စိတ်သက်သာရာရစွာ သက်ပြင်းချလိုက်သည် : “ပြဿနာမရှာနဲ့၊ မင်းကို ဖက်ထားပါရစေ၊ ဒီနေ့ အရမ်းပူလွန်းတယ်”
စာသင်သားက လှောင်သည် : “ငါ ကြည့်ရတာတော့ မင်းလည်း လူမဟုတ်ပါဘူး”
“ငါတော့ မင်းကတစ္ဆေမဖြစ်ချင်ဘဲ ချက်ချင်း လူဝင်စားချင်နေတယ်လို့ ထင်တယ်” ဖီရှိုးက အေးတိအေးစက်ပြောသည် : “ဒီကွမ်းရင်းရုပ်တုအပျက်ကို ပိုက်ဆံအများကြီး ပေးထားရတာ၊ မင်းလို စာသင်သားလေးက လောင်းဇီကို အေးအောင်လုပ်ပေးဖို့ကလွဲရင် ဘာမှသုံးစားမရဘူး၊ မင်းကို ခေါ်ထားတာက ငါ ကြင်နာတတ်လို့၊ စကားနားမထောင်ဘူးဆို ပြောသာပြောလိုက်၊ ငါ့ရဲ့ လက်တွေနဲ့ပဲ မင်းကို သေတွင်းထဲထပ်ပို့ပေးမယ်၊ နားလည်လား?”
စာသင်သားလေးက စိတ်တိုရဲပေမယ့် စကားတော့ ပြောမထွက်ရဲပေ၊ သူက နှာမှုတ်လိုက်ပြီး သူ့ခန္ဓာကိုယ်လေးကတော့ လိမ်လိမ်မာမာလေး ပျော့ပြောင်းလာကာ ဖီလောင်းပန်ရဲ့ ပေါင်ပေါ်မှာ မလှုပ်မယှက်ဖြင့် အဖက်ခံထားသည်။
အခန်းက တိတ်ဆိတ်သွားပြီး ဖီရှိုးက တစ္ဆေလေးကို ခဏလောက်ဖက်ထားပြီးနောက် ပိုပြီး သက်တောင့်သက်သာရှိလာသည်။
တခြားပြောစရာမရှိတော့၊ ဒီစာသင်သားတစ္ဆေလေးက တစ်ကိုယ်လုံး အေးစက်နေကာ၊ ဘယ်လောက်ပွတ်ပွတ် ပူမလာပေ၊ လက်မောင်းထဲထည့်ဖက်ထားရသည်က အအေးခေါင်းအုံးကို ဖက်ထားရသလိုပင်၊ အအေးဓါတ်အကျိုးသက်ရောက်မှုက လေးအေးပေးစက်ထက်တောင် ထိရောက်နေသေး၊ နွေရာသီမှာ တကယ်ကို မရှိမဖြစ်လိုအပ်တဲ့ ထုတ်ကုန်ပင်။
ဖီရှိုးက သက်တောင့်သက်သာရှိစွာ သက်ပြင်းချပြီး၊ အမည် ဝမ်နှင့် စာသင်သားကို ကောက်ပြီး မွေးထားရတာလဲ မဆိုးလှဟု ခံစားလိုက်ရသည်။
သူသည် စာသင်သားက ကွမ်းရင်းရုပ်တုကို ဖက်ထားပြီး မလွှတ်တော့တာကိုလည်း မြင်ရသည့်အခါ၊ လူသားတွေက ကမ္ဘာကြီးကို လုံးဝမမြင်ဖူးဘူးဟုပင် ခံစားလိုက်ရသည်၊ ဒီလိုတိုလီမုတ်စကိုတောင် ရတနာတစ်ခုလို လုပ်နေတာက တကယ်သနားစရာကောင်းပြီး စိတ်မသက်မသာဖြစ်ရကာ၊ နည်းနည်းလည်း စိတ်ပျက်ဖွယ်ကောင်းသည်။
ဒါပေမယ့် စာသင်သားကတော့ ဖက်ထားရတာ အရမ်းကို ဇိမ်ရှိနေသဖြင့် မလွှတ်ချင်ပေ၊ ဝိရောဓိ ခံစားချက်ဖြင့် ဖီလောင်းပန်က မေးလိုက်သည် : “အေး၊ အရင်တစ်ခေါက်က မင်းပြောခဲ့တာ မင်းရဲ့ နာမည်က ဘာ ဝမ်?”
စာသင်သားက ပြန်မဖြေပေးခင် တန့်သွားသည် : “ဝမ်ရှီး”
ဖီးလောင်းပန်က အိုးလို့ပြောလိုက်ပြီး၊ ဘာလို့များ ဗင်းဆင့်လို့မခေါ်လိုက်ရတာလဲ? ဟူ၍ တွေးနေသည်၊ တကယ်ပါ လူတွေကလေ အရမ်းပေါ့ပြက်လွန်းလို့ နာမည်ကောင်းတစ်ခုတောင် မရရှာဘူး။
(ဝမ်ရှီးရဲ့နာမည်က ရှီးက 文熙 တောက်ပတယ်ဆိုတဲ့ ရှီးပါ၊ ဖီးလောင်းပန်ပြောတဲ့ ဗင်းဆင့်က 文西 အနောက်တိုင်းလို့ခေါ်တဲ့ ရှီးပါတဲ့ ဝမ်ရှီးပါ၊ သံတူကြောင်ကွဲပေါ့)
ဖီရှိုးဘာတွေတွေးနေလဲဆိုတာကို မှန်းဆရင်း၊ ဝမ်ရှီးက ပါးစပ်ဖွင့်ကာ ထပ်ရှင်းပြရပြန်သည် : “ရှီးက ရှီးရှီးရန်းရန်(စည်ကားသိုက်မြိုက်)က ရှီးပါ”
“ရှီးရှီးရန်းရန်? တုန်းရှီး(ပစ္စည်း)က ရှီးမဟုတ်ဘူးလား?” ဖီရှိုးက မျက်ခုံးများကို ပင့်ကာ : “ရှောင်တုန်းရှီးရဲ့(ပစ္စည်းလေး) နာမည်ကလည်း စုတ်ချက်တွေများလိုက်တာ”
ဝမ်ရှီးက သူ့လက်သီးတွေကို ဆုပ်ထားပြီး ဘာမှတော့ မပြောပေ၊ နောက်တော့ မျိုးရိုးဖီ ဒီကောင် ဟွော်ဖူးက ထပ်မေးပြန်သည် : “အက္ခရာနဲ့ဂဏန်းတွေရော ရှိလား၊ မင်းလို တစ္ဆေအိုကြီးတွေ သေခဲ့တဲ့ ခေတ်တုန်းက၊ လူသားတွေက သူတို့ကိုယ်သူတို့ နာမည်ပြောင်တွေ ပေးရတာကို မကြိုက်ကြဘူးလား?”
“ဟင့်အင်း” ဝမ်ရှီးက မပြောပြချင်ပေ။
ဖီရှိုး : “ကြည့်ရတာ ရှိတဲ့ပုံပဲ”
ဝမ်ရှီးက စကားမပြောဘဲနေနေဆဲ၊ ဖီမျိုးရိုးနဲ့ကောင်က ဖိအားမပေးလာဘဲ၊ သူ့ကိုဖက်ထားလျက်နှင့် မတ်တပ်ထရပ်ကာ ဆိုဖာဆီသို့ လျှောက်သွားလိုက်ပြီး၊ တီဗွီမှာပြနေသည့် ဇာတ်လမ်းတွဲကို တခြားလိုင်းပြောင်းလိုက်သည်၊ သွေးထွက်သံယို တီဗွီဇာတ်လမ်းတွဲမှ ကာတွန်းကားကို ပြောင်းပြီး အသံကိုတောင် အနိမ့်ဆုံးထိ လျှော့လိုက်သည်။
ဖီရှိုးက သူ့ကို ဖက်ထားကာ၊ သူ့လည်ဂုတ်ကို ညှပ်ထားပြီး ဖိအားပေး၍ ဝမ်ရှီးကို ကြည့်စေသည်။
“အရင်က ငါမင်းကို စဉ်းစားခိုင်းထားတဲ့ဟာကို သတိရရဲ့လား?”
YOU ARE READING
ဖီရှိုးစားသောက်ဆိုင်
Fantasyဖီရှိုးဖန့်ကွမ်၊ ကျီကျင့်ပုချူး [မြန်မာဘာသာပြန်] စာရေးသူ-ဟိုက်ကျင်းလော့ Status in COO+Extra (109)