"ကြားဖူးထားတဲ့အတိုင်း ပတ်ဆောင်းဟွန်းက လူမှုရေးမသိတတ်တဲ့လူပဲ"
နောက်ကျောဖက်ကနေ ကြားလိုက်ရတဲ့စကားသံကြောင့် ဆောင်းဟွန်းတစ်ယောက် သောက်လက်စ ရှန်ပိန်တောင် သီးသွားရတယ်။
ဘယ်လိုတောင် ပြင်းထန်လွန်းတဲ့ ဝေဖန်မှုကြီးလဲ.......။လည်တိုင်က necktieကို လက်နဲ့အသာဆွဲဖြေလျော့လိုက်ရင်း ချောင်းတစ်ချက်ဟန့်လိုက်တယ်။
"ပိုက်ဆံရှိတဲ့သူတွေက အဲဒီအတိုင်းပဲလေ
အဖေက ၀န်ကြီးချုပ်ဆိုတော့ အဖေအားကိုးနဲ့ရမ်းကားနေတာ"တစ်ဘ၀လုံး ကြားဖူးခဲ့တဲ့ စကားတွေထဲမှာ အဓိပ္ပါယ်မရှိဆုံးပဲ။
ရှင်သန်လာတဲ့ ၂၂နှစ်သက်တမ်းမှာ အဖေနဲ့မျက်နှာကြောမတည့်တာက များခဲ့တာလေ။
မသိမသာလေး လှည့်ကြည့်မိတော့ တစ်ကြိမ်တစ်ခါမှ မမြင်ဖူးခဲ့တဲ့မျက်နှာနဲ့လူတွေ။နည်းနည်းတော့ ရင်နာဖို့အကောင်းသား။
တကယ်ဆို ဆောင်းဟွန်းကိုယ်တိုင်က ဒီလိုအပြောအဆိုခံဖို့ မွေးလာတာမှ မဟုတ်တာ။"ဒီနားလေးမှာ ငှက်ဆိုးထိုးသံလေးတွေ ကြားနေရလို့ ဟိုဖက်ကို နည်းနည်းရွှေ့မယ်နော် စိတ်မရှိပါနဲ့"
ဆောင်းဟွန်းရှိနေတာကို သတိမထားမိခဲ့တဲ့ ငှက်ဆိုးတွေရဲ့မျက်နှာမှာတော့ ထိတ်လန့်သွားမှုက အထင်းသား။
ဒီနေ့တစ်ရက်ကိုတော့ လူတွေနဲ့အဆင်ပြေအောင်ပေါင်းမယ် စဥ်းစားထားခဲ့တာကို။
ဒီလိုပုံအတိုင်းသာဆိုရင် အဖေ့အမြင်မှာ ဆောင်းဟွန်းကပဲ လူတကာကိုကန့်လန့်လိုက်တိုက်နေသလိုမျိုး ဖြစ်နေဦးမှာ။"စိတ်ပျက်ဖို့ကောင်းလိုက်တာ
ဘယ်တုန်းကမှ ငါဒီမှာ ရှိမနေခဲ့ချင်တာကို"လူတွေရှုပ်နေတဲ့ စုဝေးပွဲကြီးကိုကျောခိုင်းပြီး ဆောင်းဟွန်းရောက်နေတဲ့နေရာက ခြံဝင်းထဲကရေပန်းတစ်ခုနားလေးပဲ။
ဆောင်းဟွန်းတို့အိမ်မှာလည်း ရေပန်းအသေးစားလေးနဲ့ရေကန်တစ်ခုရှိတယ်။
ဒါပေမယ့် ဒီရေပန်းလောက် အနုမစိတ်သလို၊ဒီရေပန်းလောက် မခမ်းနားဘူး။ဘောင်းဘီအိတ်ထောင်ထဲမှာ အမြဲရှိနေတတ်တဲ့ ဆေးလိပ်ဘူးထဲက တစ်လိပ်ကို မီးတို့ပြီးဖွာလိုက်တော့ ရင်ထဲတော့ နည်းနည်းအသက်ရှုချောင်သွားသလိုခံစားရတယ်။
ဒါမှမဟုတ် ဆေးလိပ်မဖြတ်နိုင်လို့ ပေးတဲ့ဆင်ခြေတစ်ခုလည်း ဖြစ်ရင်ဖြစ်မှာပေါ့။