အတ္တကောက်ကြောင်း

500 3 0
                                    

Unicode

အတ္တကောက်ကြောင်း
----------------------------------

အပြစ်ကင်းစွာ အိပ်ပျော်နေတဲ့ သမီလေးမျက်နှာကို ငေးကြည့်နေမိတယ်။ မနေ့ညက သမီးလေး အအေးမိသွားတယ်ထင်ပါရဲ့။ ကျွန်တော်က သမီးလေး ရဲ့နဖူးကို စမ်းကြည့်လိုက်တော့ ပူနေတုန်းပဲ ရှိသေးတယ်။ ကျွန်တော် စိတ်ညစ်သွားပါတယ်...အဖျားမကျသေးဘူး။ ညနေစျေးက ပြန်ရင်တော့ ဆေးဆိုင်ကို သွားပြီး ဆေးစပ်ခိုင်းရမယ်။ မနေ့က လကုန်ရက်မို့ အိမ်လခ ပေးလိုက်ရလို့ လက်ထဲမှာ ပိုက်ဆံမကျန်တော့ဘူး။

ကျွန်တော့်မိန်းမက မီးဖိုချောင်ထဲမှာ သမီးလေးအတွက် ဆန်ပြုတ်ပြုတ်ဖို့ လုပ်နေပါတယ်။ ကျွန်တော်ကတော့ စျေးရောင်းသွားဖို့ ပြင်ရဦးမယ်။

"မိခိုင်...မိခိုင်...ဆန်ပြုတ်ပြုတ်ပြီးရင် သမီးနဖူးပေါ် ရေဝတ်တင်ပေးထားဦး။ ဒါမှ အဖျားမြန်မြန်ကျမှာ... ညနေစောစောပြန်လာခဲ့မယ်"

"တင်ထားလိုက်မယ်...ကိုတင် ညနေအပြန် သမီးလေးအတွက် ဆေးဝယ်ခဲ့ဖို့ မမေ့နဲ့ဦးတော့"

"အေးပါ...မမေ့ပါဘူးကွာ"

  ကျွန်တော်က မိန်းမကို လှမ်းပြောကာ အိပ်ပျော်နေတဲ့ သမီးလေးမျက်နှာကို စိုးရိမ်စွာတစ်ချက် ကြည့်လိုက်ပြီး အိမ်ကနေ ထွက်လာခဲ့လိုက်တယ်။ အခုမှ မိဘမေတ္တာဆိုတာကို ကိုယ်တိုင်နားလည်တော့တယ်။ သမီးလေးရိုးရိုးဖျားတာတောင် ကျွန်တော်မှာ စျေးရောင်းသွားဖို့ စိတ်က မဖြောင့်ဘူး။ ဒီကြားထဲ မိုးကလည်း အုံ့မှိုင်းမှိုင်းနဲ့ ရွာတော့မယ်ထင်တယ်။

  ကျွန်တော်တို့မိသားစုက လက်လုပ်လက်စားမို့ တစ်နေ့လုပ်မှ တစ်နေ့စားရသူတွေပါ။ ကျွန်တော်က တောင်ကြီးမြို့ မြို့မစျေးထဲမှာ အရီး​မြရဲ့ ကုန်စုံဆိုင်ကနေ လက်သည်းညှပ်၊ ပိုက်ဆံအိတ်၊ ခေါင်းဘီးစတဲ့ တိုလိမိုလိပစ္စည်းတွေကို လက်ကားယူပြီး ဗန်းထဲထည့် စျေးမှာ လည်ရောင်းပါတယ်။

  ညနေရောက်လို့ ရောင်းမကုန်တဲ့ ပစ္စည်းနဲ့ စျေးပန်းကို အရီးမြကုန်စုံဆိုင်မှာပဲ အပ်ထားလိုက်တယ်။ မနက်ကျ ပြန်လာယူပြီးရောင်းပေါ့။တစ်နေ့ကို သုံးထောင်၊ လေးထောင်တော့ အမြတ်ကျန်ပါတယ်။

အတ္တကောက်ကြောင်း - ရသဝတ္ထုတိုWhere stories live. Discover now