"ချို ဆိုသော မိန်းကလေး"
အပိုင်း ၁
ချို တက္ကသိုလ်စတက်ဖို့ လမ်ညွှန်းစာအုပ် ဖတ်ရင်း မေဂျာရွေးတော့ အမျိုး တွေနဲ့ အိမ်နီးနားချင်းတို့က
" ချိုက မိန်းကလေးမလို့ နည်းပညာကျောင်းတက်ဖို့ ဒို့တွေကအားမပေးဘူး နော်။ အဝေးသင်တက်ပြီး အလုပ်လုပ်ရင်း သင်တန်းတွေသာ တက်ပါ့လား ချို။ အိမ်က ပြေလည်နေတာမှမဟုတ်တာ ချို "
"ဟင့်အင်း သမီး ဖြစ်ချင်တဲ့ ဆရာဝန်မဖြစ်ရတော့ သမီး အင်ဂျင်နီယာ ဖြစ်အောင် တော့ လုပ်ချင်တယ်။ သမီးတော့ နည်းပညာကျောင်းပဲရ အောင်တက်မှာ"
ချို ပြောသာပြောနေရတာ ချိုကို ကျောင်းထားပေးမယ့်သူလဲမရှိ အိမ်ကလဲ မပြေလည်နေ တော့ အတင်း မရမက သာ ပြောနေမိ သော်လည်း လူက ငိုချင်နေပြီ။ ထိုအချိန် အမေကပါ
"သမီး အဲ့ကျောင်းက ငါးနှစ်ကြီးများတောင် သမီးကို ဘယ်သူထောက်ပံ့မလဲ။ အခုတောင် ကျောင်းအပ်ဖို့ ပိုက်ဆံမရှိဘူးလေ။ သမီး ခေါင်းမမာနဲ့။ အဝေးသင်သာတက်ဖို့ လုပ်"
ချို ငိုမဲ့မဲ့ဖြင့်
" အဲ့ဆို သမီး အမှတ်တွေ က နှမြောစရာကြီး။ သမီး ဒီကျောင်းလေးပဲတက်ချင်တာကို။ ပိတ်ရက် ဈေးရောင်းမယ်လေ"
အဖေက ချို့ကို ကြည့်ကာ
"ငါ့သမီး အဲ့လောက်တက်ချင်နေတာ တက်ပါစေကွာ။ ကျောင်းစရိတ်က ဘယ်လောက်ကုန်မှာမို့လို့လဲ"
အမေက အဖေ့ကို မကျေမနပ်ဖြင့်
"တော် စကားကို လွယ်လွယ်နဲ့ မပြောနဲ့လေ။ အိမ်မှာ သားကြီး လုပ်စာပဲရှိတာ။ အခု မိချိုမ ကျောင်းတက်ရင် ပိုက်ဆံ ပိုကုန်မှာပေါ့။ တော့်ရဲ့ဈေးကတော်တော်ရောင်းရတာဆို တော့။ အမြဲ အရင်းပြုတ်နေတာများ။ ကျုပ်ကတော့ လုံးဝ သဘောမတူဘူးနော်"
မိချို ဝမ်းနဲစွာ အခန်းထဲ ဝင်ငိုမိတော့သည်။ စိတ်ထဲလဲ မဖြစ်ဘူး။
ငါ ဒီကျောင်းလေးတော့ အရတက်မှာ။ ငါတက်နိုင်ရမယ်ဟု ဆုံးဖြတ်ကာ ပြန်အားတင်းမိတော့သည်။
အိမ်တွင် လောလောဆယ် ငွေရှာနေသူမှာ ကိုကြီး မလို့ သူပြန်လာရင် ချို့ကို ကျောင်းထားပေးမယ်ဟု ပြောပါစေ။ ချို ဆုတောင်းနေမိသည်မှာ အကြိမ်ကြိမ်ပါ။
ထိုနေ့က ချို ဆန္ဒပြကာ နေ့လည်စာထွက်မစားပဲ အခန်းထဲ မှောက်အိပ်နေမိသည်။အမေကလေ မိချိုကို ချော့ဖို့နေနေသာသာ အရေး မလုပ်ပဲ အငယ်မောင်လေးကို ထမင်း ချော့ကျွေးနေပါသည်။
မိချိုကလဲ မချော့လဲ နေပေါ့ဟုတွေးကာ ဗိုက်ဆာတိုင်းရေသောက်ရင်း
အခန်းထဲကုတင်ပေါ်ဝယ် မကျေမနပ်ဖြစ်နေမိသည်။ ဒီလိုနဲ့ ကိုကြီး ပြန်လာချိန်နီးလာလေ အခန်းထဲက ကိုကြီး အသံကို နားစွင်းနေမိသည်။
"အမေ ကျွန်တော် ဒီနေ့ ဆီဂိုဒေါင်ရှင်းလာတာ။ ပခုံးလဲ အတော်နာနေတယ်။ မိချိုရော မတွေ့ပါလား။ မိချိုကို ဆေးလိမ်းခိုင်းမလို့။ အခုရေချိုးလိုက်ဦးမယ်"
"အင်း သားကြီး ရေအရင်ချိုးလိုက် လေ။ သားအဝတ်တွေ အမေ့ကို ချွတ်ပြီးရင် လှမ်းပေး။ ဆီတွေပေလာတယ်မလား။ အခုထဲက ဆပ်ပြာမှုန့်စိမ်ထားလိုက်မယ်"
"အမေ ညီမလေးရောလို့။ ဘယ်သွားတာလဲ။မိုးချုပ်နေပြီကို။ လမ်းညွှန်စာအုပ်တွေ ရပြီထင်တယ်။ သူ ဘာတက်မလဲတဲ့အမေ"
" ကဲပါ ရေအရင်ချိုးပါ သားရယ်။ မင်း ညီမကိစ္စ နောက်မှ ပြောမယ်"
ကိုကြီးရေချိုးသံကြားလိုက်ရပြီး မိချိုလဲ အမေနှင့်ကိုကြီး ဘာဆက်ပြောကြမလဲ နားစွင့်နေမိသည်။
"အမေ ကျွန် တော်တောင် ရေချိုးပြီးပြီ အမေ့သမီးရော။ ဒီကောင်မလေး ညဖက် အပြင်မှ မထွက်တာ။ မိချို ညီမလေး"
မိချို ထူးရမလား မထူးရဘူးလားစဉ်းစားနေစဉ်မှာပဲ အမေက
"အေး မင်းညီမက စိတ်ကောက်နေတာ သားရေ။ သူ့ကို နည်းပညာကျောင်းမထားဘူးပြောလို့။ နေ့လည်စာ တောင် မစားပဲ ဆန္ဒပြ နေတယ်"
"သူ မစားတာ အမေက ခေါ် မကျွေးဘူးလား။ မိချို ဘယ်မှာလဲ နင်ထွက်လာခဲ့"
"ဟဲ့ သူ့ဖာသာ ကောက်စရာမရှိကောက်တာ ငါက ဘာလို့ ခေါ်ကျွေးရမလဲ။ သူ့ဝမ်းသူ မဆာလို့ မစားတာနေပေါ့"
ကိုကြီး ခေါ်နေပြီမို့ မိချို ကြောက် ကြောက်လန့် လန့်ဖြင့် ထွက်လာရင်း အမေ့အဖြေကြောင့် မိချို မျက်နှာ မဲ့လိုက်မိသည်။ ကိုကြီးကပဲ
"အေး မိချို နင်လဲ သိတာ ပဲ အိမ်က ပိုက်ဆံမရှိတာ။ နင် ကျောင်းတက်မယ်ဆို နင့် ကျောင်းစရိတ် ဘယ်လောက်ကုန်မလဲ နင် စုံစမ်း။ အမေ သားအများကြီးတော့ ပိုက်ဆံ ပိုမရှာနိုင်ဘူး။ အမေ့ကိုအရင်ကထက် ပိုပေးမယ်။ အမေကြည့်ပြီး သူ့ကို ကျောင်းစရိတ်ပေးလိုက်ပေါ့"
မိချိုလဲ မနေနိုင်စွာ
" ညီမလေး ကျောင်းစရိတ်က အများကြီး မကုန်ပါဘူး။ လမ်းစရိတ်တော့ နေ့တိုင်းကုန်မယ်။ ကျန်တာ ညီမလေး အကုန် အိမ်က မတောင်းဘူး။ မုန့်ဖိုးလဲ မယူဘူး။
အဝတ်အစားသစ်လဲ နက်ပြာထမီ တစ်ထည်ပဲ လိုမှာ။ အဖြူက ဆယ်တန်းက ရင်ဖုံး တွေပဲ ပြန်ဝတ်လိုက်မယ်။
ညီမလေး လေးမကြူဆိုင်မှာ အရောင်းဝန်ထမ်းဝင်လုပ်မယ်။ အခုကျောင်းကမဖွင့်သေးတော့ ညီမလေးရသလောက် ပိုက်ဆံစုထားလိုက်မယ်"
"အေး မိချို ညီးသိပ်အထွန့်တက် မနေနဲ့။ ကျောင်းစရိတ်များ ပေါ့ သေးသေးထင်မနေနဲ့။ ညီး ကျောင်းပြီးဆုံးအောင်မတက်ရမှာစိုးလို့ ငါ ပြောနေတာ။ တကထဲအေ ကျောင်းတော်တော်တက်ချင်နေတယ်။ အိမ်အခြေအနေ မသိတာလဲ မဟုတ်ပဲ ညီးနော်"
မိချို ဝမ်းနဲစွာ မျက်ရည်လေး ဝိုင်းလာမိချိန်
" အေး နင်အဲ့ကျောင်း တက်ချင်သပဆို နင် အခုထဲက အလုပ်လုပ်ဖို့ ပြင်ထား။ ငါကတော့ ငါ ရှာလို့ရသမျှ အမေ့ကိုပေးမှာ။ နင့်ကျောင်းစရိတ်လောက် မလောက်တော့ ငါမသိဘူး။ ကျန်တာက နင် လိုချင်ရင် နင်ကြိုးစား"
"ဟေး ကိုကြီး တကယ်ပြောတာနော်။ မိချို အလုပ်လုပ်မယ် ဈေးရောင်းမယ်။ ကျောင်းတက်ရဖို့ မိချို အစွမ်းကုန် လုပ်မှာ။ ဪ ညီမလေး ပခုံးကိုဆေးလိမ်းပေးရမယ်ဆို လိမ်းပေးမယ်လေ "
မိချို ကိုကြီးပခုံးကို ကြည့်လိုက်ရာ အတော်နီရဲနေတာ တွေ့လိုက်ရတော့ မိချို ကျောင်းတက်ချင်စိတ်ပင်မရှိတော့ပြန်ဘူး။ မိချိုကိုကြီးကို သနားလွန်းစွာ ပခုံးကို ဆေးလိမ်းပေးရင်း အမှတ်တမဲ့ ကိုကြီးလက်တွေကို ကြည့်လိုက်မိရာ အသားမာတွေအထပ်ထပ်နဲ့ လက်က အသက်နှစ်ဆယ်ကလေးတစ်ယောက်ရဲ့လက်နှင့်မတူ။ မျက်နှာဆိုသည်မှာလဲ နေလောင်ထားလွန်းလို့ ညိုမဲနေချေပြီ။ အရင်ကများ ကိုကြီးမျက်နှာသည် သွေးကြောလေးတွေ ပေါ်သည်အထိ ဖြူစွတ်နုဖတ်ခဲ့တာလေ။ ကိုကြီးကို ချောလွန်းလို့ ကျောင်းမှာဆို အမကြီးတွေကခိုးကြည့်ကြတာ မိချို ကြုံဖူးခဲ့သည်။ ကြမ္မာဆိုးကြောင့် မိချိုတို့ အဖေစီးပွားရေးလုပ်ငန်းတွေ အကုန် အရှူံးပေါ်ကာ ကိုကြီးလဲ ဆယ်တန်းဆက်မတက်နိုင်တော့ပဲ ကျောင်းထွက်လိုက်ရကာ အခုလို ပင်ပင်ပန်းပန်း အလုပ်တွေ လုပ်နေရတာဖြစ်သည်။ အဖေက မိချိုတို့ကို ရှာမကျွေးတာမဟုတ်ပဲ သူလုပ်သမျှ အကုန် ဆုံးရှူံးနေရသည်မို့ ကိုကြီးနဲ့ အမေက ဘာမှ မလုပ်နဲ့တော့ ပြောထားတာပင်။ အဖေက ဖြစ်မလားဆိုပြီး အမေတို့မသိအောင် ထထလုပ် ကြည့်ပေမယ့် ပိုဆိုးလာတာပဲရှိသည်။ အဖေသည် ကိုကြီးနှင့်အတူ ဆီဆိုင်တွင် လိုက်လုပ်မည်ဟု ပြောကာ လိုက်လုပ်ခဲ့ပေမယ့် ကိုကြီးလို မမြန်တော့ ဆိုင်ရှင်တွေက သိပ်မကြည်ကြပါ။ ဆိုင်ရှင်တွေအဖေ့ကို ဆူလျှင် ကိုကြီး ပိုစိတ်ဆင်းရဲရတယ်ဆိုကာ အဖေ့ကို မလုပ်ပါနဲ့ဟုကိုကြီးကပဲ တောင်းပန်ကာ အိမ်မှာပဲ နေတော့ ဟုပြောခဲ့တာ။
ကိုကြီးကို ဆေးလိမ်းပေးပြီး မိချို ဒီကျောင်းတက်သင့်လား ကိုယ့်ဖာသာ မေးခွန်းထုတ်နေမိပါသည်။ မိချို ဒီကျောင်းမတက်ပဲ တခြား အလုပ်လုပ်လျှင် မိချိုတို့ မိသားစုဘဝတိုးတက်လာမည်မဟုတ်ဟု မိချို တွေးမိပြန်သည်။ မိချိုသည်လဲ ပြီးပြီးရော ဘဝကို မဖြတ်သန်းချင်သလို မိချိုသည် တနေ့ မိသားစုကို ဂုဏ်ယူစေရသူ၊ မိသားစုကို ပြန်ကြည့်နိုင်ပြီး လူအများကို ပညာဖြန့်ဝေနိုင်သူမျိုး ဖြစ်ဖို့ဆို မိချို အင်ဂျင်နီယာမကြီး ဖြစ်ကို ဖြစ်မှရပါမည်။ တခြားလူတွေက ပြောကြပါလိမ့်မယ်။ တခြားဘွဲ့တွေ တခြား အလုပ်တွေနဲ့ရော မိသားစုကို ပြန်မကြည့်နိုင်ဘူးလားလို့။ မိချိုအဲ့တုန်းက ငယ်သေးတော့ မိချို သည် ဆရာဝန်မကြီး ဖြစ်လျှင်ဖြစ်၊ မဖြစ်ရင် အင်ဂျင်နီယာပဲ ဟုတွေးထားမိကာ ထိုအတွေးကိုလဲ နဲနဲမှ ပြောင်းဖို့ စိတ်ကူးမရှိခဲ့ကာ ကျောင်းတက်ဖို့သာ ကြိုးစားဖြစ်ခဲ့သည်။
YOU ARE READING
"ချို ဆိုသော မိန်းကလေး"
Adventureတက္ကသိုလ်ကျောင်းတက်ဖို့ ဘဝကို ရုန်းကန်ကြိုးစားခဲ့ရတဲ့ ဖြစ်ရပ်မှန် ဇာတ်လမ်းကို အခြေခံ ရေးဖွဲ့ ထားပါသည်။