ချိုဆိုသော မိန်းကလေး
အပိုင်း ၂
ချိုသည် လေးမကြူ ကုန်စုံဆိုင်တွင် အရောင်းစာရေးမ အဖြစ် အလုပ်ရခဲ့ပါသည်။ တစ်လ ၆သောင်းခွဲဖြင့် အလုပ်ဝင်လုပ်ရင်း သွက်လက်ပြီး အလုပ်ကြိုးစားသော ချို့ကို လေးမကြူက သဘောကျကာ
"ချိုလေး ကျောင်းတက်ရင်လဲ လေးကြူဆိုင် ပိတ်ရက်လာကူရောင်းပေးလို့ရတယ်။ ချိုလေး ကို လေးကြူ မုန့်ဖိုးပေးမယ်"
ချိုလဲ ကျောင်းတက်ရင် အလုပ်တခုခုလုပ်မှ ဖြစ်မယ် တွေးနေတာမို့ ပျော်လိုက်သည့်ဖြစ်ခြင်း။ ချိုသည် လေးကြုဆီမှ ရသော လစာတို့ကိုစုထားချင် ပေမယ့် အိမ်ကိုလဲ ပထမဆုံးလစာလေး ပေးချင်သေးသည်မို့ ထိုလစာငွေကို အမေ့ကိုသာ အကုန်အပ်လိုက်ပါသည်။
ချိုတို့ မိသားစုဟာ ကိုကြီးဝင် ငွေတခုပဲ အားပြုရပ်တည်တာဖြစ် နေလို့ အပိုငွေဆိုတာ အမေ့လက်ထဲ သိပ်မရှိခဲ့ပါ။ ဒါတောင်မှလဲ အမေသည် အစစအရာရာ ချွေတာစိစစ်ကာ မီးဖိုချောင်ကို အတော်ထိန်းခဲ့သူပါ။
ချိုတို့တွေဟာ မနက်စာဆို အမေ ကြော်ပေးသော ခေါက်ဆွဲကြော်၊ ကြာဆံကြော်၊ ထမင်းကြော်ကို ကိုကြီးအတွက် သီးသန့် သေချာ အရင်များများခူးထားပြီးမှ ကျန်တာသာ ချိုတို့ ဝေပုံကျစားရပါသည်။ ကိုကြီးသည် အရွယ်နဲ့မလိုက် အလုပ်လုပ်နေရသူဖြစ်တယ်၊ ကိုကြီးကို ဦးစားပေးရမယ်ဟု အမေက အမြဲပြောတတ်ကာ သူ့အတွက်ဆို အမေက တသီးတသန့် ရှယ်ပြင်ပေးထားတတ်တယ်။
ချို လစာအပ်မိသည်က အမေ့အတွက် အသက်ရှူ ချောင်သွားစေတယ်။ တရက်မှာတော့ ချို့မောင်လေးဟာဆော့ရင်း စက်ဘီးထဲ ခြေထောက်ညှပ်သွားလို့ပါ။ အမေ့မှာ ချို့ အပ်ထားသော လစာငွေသာအပိုရှိရာ ထိုငွေဖြင့်ပဲ ဆေးခန်းပြေးခဲ့ရရှာသည်။ မောင်လေး ခြေထောက်လဲ အတော်နက်နက်ချုပ်လိုက်ရကာ ဖြစ်ကာစဆို မောင်လေးက ငို အမေလဲ ငိုနဲ့ အဖေရှိနေလို့သာ ဆေးခန်း အမြန်ပို့နိုင်တာပါ။ မောင်လေးသည် ချိုနှင့် အသက် ၉နှစ်ကျော်ကွာငယ်တာမို့ သူသည် သူငယ်တန်းပဲရှိနေသေးတယ်။
အမေကလဲ သူအသက်၄၀မှ မွေးတဲ့ အငယ်ဆုံးသားလေးမို့ မောင်လေးကိုအရမ်းချစ်ကာ သူ့သားကို အမြဲထွေးပွေ့ထားတတ်သူ။ ဖြစ်တဲ့နေ့ကဆို အမေသည် ငယ်သံပါအောင်ငိုကာ
"ကျွန်မသားလေး ခြေထောက်တော့သွားပါပြီ လမ်းမလျှောက်နိုင်တော့ဘူးလား မသိ ကိုလှမောင်" ဟု ငိုတာတဲ့။
အဖေသည် ချို့ပိုက်ဆံကို အမေသုံးလိုက်သည်ဆို တော့ စိတ်မကောင်းဖြစ်ဟန်တူကာ ချိုတို့ မသိအောင် ပန်းရံအလုပ် ဝင်လုပ်ပါတော့သည်။
အဖေသည် အမြဲမလိမ်မညာတတ် သူများကို အလွန်သနားတတ်သည့် လူရိုးလူဖြောင့်မလို့ အဖေ့အပေါ်ဆိုအဖေ့ရိုးသားမှု သနားတတ်မှုကိုမြတ်ထုတ် သွားကြသူနဲ့ အားနာသနားပြီးအမြဲ ခံနေရသည်က အဖေပါ။
ဦးလှမောင်သည် သမီးမိချို ကျောင်းတက်ရအောင် ပန်းရံ ဝင်လုပ်မိပါသည်။ သမီးလေးက အရမ်း စာကြိုးစားကာ ရည်မှန်းချက်ကြီးသည့် ကလေးမို့ ဦးလှမောင် သမီး ဆန္ဒလေးကို ဖြည့်ပေးချင်မိသည်။
တးသားသမီးရဲ့ ဆန္ဒကို မဖြည့် ပေးနိုင်သော မိဘဖြစ်နေသည့်အ
တွက် ဦးလှမောင် ရင်ထဲ မကောင်းလှပေ။ သားကြီးရဲ့ လုပ်စာကို ထိုင်စားရသည်မှာလဲ လိပ်ပြာမလုံပါ။ ဒီကြားထဲ အိမ်က မိန်းမက
"ကျုပ် သားကြီး လုပ်စာ ထိုင်စားရတာ မြိုမကျဘူးတော့်ရေ။ တော်ကတော့ သွေးအေးချက်။ အိမ်အတွက် ဘာမှလဲ မပူရ။ အနေအစားမပျက် တော်ပဲ ကောင်းတယ်" ဟု ပြောသည့်အခါတိုင်း အိမ်ထောင် ဦးစီး ယောင်္ကျား ဖြစ်သည့် ကျုပ်မှာ ရှက်လွန်းလို့ မျက်နှာ ဘယ် ထားရမလဲ မသိ။ မိန်းမကတော့ အမြဲ ကျုပ် ငွေ မရှာနိုင်သည့်အပေါ် အသုံးမကျသည့် ယောင်္ကျားတစ်ယောက်ဟု အမျိုးမျိုး အပြစ်တင်ကာ ကျုပ်ကိုအထင်လဲသေးတတ်ပါသည်။
ဦးလှမောင် ပန်းရံဆင်းရင်း အနဲငယ် ခင်မင်မိသော အလုပ်သမား ကိုမြင့်မှ
" အကို အိမ်မှာ ကျုပ်သမီးလေး နေမကောင်းနေလို့ ဆေးခန်းပြချင်လို့ပါ။ အကို နေ့စားခငွေတွေ ခဏ အသုံးမလိုသေးရင် ချီးပါလား။ ကျုပ် နောက်တပတ်နေရင် ပေးပါ့မယ်"
ဦးလှမောင်လဲ သမီးချင်းကိုယ်ချင်းစာကာ သူ့သမီး နေမကောင်းနေတာ တကယ်ထင်မိပြီးပိုက်ဆံကိုချီးလိုက်မိပါသည်။ ပြန်ဆပ်ရမယ့်နေ့ကျ မဆပ်ပဲ ကိုမြင့်သည် ဦးလှမောင်ကို ရှောင်နေပါတော့သည်။
ဦးလှမောင်လဲ အလုပ်သမားကိုမြင့်အိမ်လိုက်သွားသည့်အခါ မိန်းမက အဝတ်လိုက်လျှော်သူဖြစ်လို့ အိမ်မှာ ကလေးဗုစုခရုတွေပဲရှိနေပါသည်။ ထိုကလေးတွေက သူတို့အချင်းချင်းသူတို့ ပြန်ထိန်းနေကြတာ တွေ့လိုက်ရသည်။ နေရတာလဲ ကျူးကျော်တဲ မှာ နေနေကြရတာဖြစ်သည်။
ထို့ကြောင့် ဦးလှမောင်သည် ကလေးတွေကြည့်ပြီး စိတ်မကောင်းလို့ ပြန်မည်ပြုစဉ် ဘေးနားမှ ကလေးတစ်ယောက်က
" ဦး သား အဖေကို လာရှာတာလား။ အဖေက အဲ့လိုပဲ သူများငွေတွေ ခဏခဏ ချီးတာ။ ဦးလို အိမ်လိုက်လာကြသူတွေ အများကြီး"
"သား အဖေက ကြည့်ရတာ သားတို့ စားဖို့ ရှာနေရတာ မလောက်လို့ သူများဆီက ငွေ ချီးတာ ထင်ပါရဲ့ကွာ"
"မဟုတ်ဘူး ဦး။ သား အဖေက အမေ့ကို ဈေးဖိုးပေးတာ နဲနဲ သသ့ဖာသာ သုံးတာ များများ။ အလုပ်က ပြန်လာရင် ပင်ပန်းတယ်ဆိုပြီးအရက်ဆိုင် အရင်ဝင်တာ"
"ဪ အလုပ်က တကယ်ပင်ပန်းတာ သားရဲ့။ တနေကုန် နေပူထဲ ပင်ပင်ပန်းပန်း လုပ်ရတာ လေ"
" သား သိတယ် ဦး။ အလုပ်က ပင်ပန်းမှန်း။ အခုအဖေက အရက်လဲ သောက်တဲ့အပြင် သူဌေး အမြန် ဖြစ်ချင်တယ်ဆိုပြီး ချဲတွေ ထိုးလို့ သူအကြွေးတင်နေတာ။ အကြွေးတင်မှာ ပေါ့ အဖေက တနေ့ကို ထိုးတာ အများကြီး။ အမေ နဲ့ ခဏခဏ ရန်ဖြစ်ကြတာ။ အဖေ့အိတ်ကပ်ထဲက ချဲထိုးထားတဲ့ ဘောက်ချာတွေ အမေတွေ့တိုင်း။ ဦး သားအဖေ ချီးထားတာတွေ အမေသိရင် ထပ် စိတ်ဆင်းရဲရလိမ့်မယ်။ ဦး အမေ့ကို မပြောနဲ့နော်"
" အေးပါကွာ။ ဦး မ ပြောပါဘူး"
ဦးလှမောင် တစ်ယောက် ကိုမြင့် အိမ်မှပြန်လာသည့် လမ်းတလျှောက်လုံး ကိုမြင့်ကိုသာ စိတ်တို ဒေါသထွက်ကာ စိတ်ထဲက ပြောဆိုနေမိပါသည်။ မွေးထားတဲ့ သားလောက်တောင် အသိတရားမရှိလိုက်တာ။ တနေကုန် ပင်ပင်ပန်းပန်းရှာပြီး ငွေကို ဒီလိုအကျိုးမရှိ ဖြုန်းတီးပစ်သတဲ့လား။ဒင်းက မိသားစုအတွက်လဲ အကျိုးမပြု ကိုယ့်အတွက်ကိုယ်လဲ အကျိုးမပြု အလကား ဆန်ကုန်မြေလေးကောင်။ အဲ့ကောင်ကို သနားမိတဲ့ငါက ပို အသုံးမကျဘူး ဟု ကိုယ်ကိုကိုယ်လဲ အပြစ်တင်နေမိပါသည်။
ကိုယ်ရှာထားတဲ့ ငွေကို မစုဆောင်းပဲအလွယ်နည်းနဲ့ ငွေရချင်တော့ အရင်ဆုံး ကိုယ့်အိတ်ကပ်ထဲက ငွေပဲ ပါတာပေါ့။ အတော် မိုက်လုံးကြီးတဲ့ ကောင်ပဲ။
ဆင်းရဲတွင်းက နက်သည်ဆိုမှ အတွေးအခေါ်တွေက မှားယွင်းနေသည့် ကိုမြင့်လို လူမျိုးတွေ ဘယ်နှစ်ယောက်များရှိနေမလဲ။
YOU ARE READING
"ချို ဆိုသော မိန်းကလေး"
Adventureတက္ကသိုလ်ကျောင်းတက်ဖို့ ဘဝကို ရုန်းကန်ကြိုးစားခဲ့ရတဲ့ ဖြစ်ရပ်မှန် ဇာတ်လမ်းကို အခြေခံ ရေးဖွဲ့ ထားပါသည်။