သို့ / မေ
ပထမဦးဆုံးအကြိမ် မေ့ဆီ စာပို့ခြင်းမို့ ဒီစာက မေ့အတွက် အသစ်အဆန်းဖြစ်နေမယ်ထင်ပါတယ်။ ဒါပေမယ့်လည်း ကျွန်တော်က မေ့ကို အန္တရာယ်ပြုမယ့်သူမဟုတ်လို့ ဘာမှမစိုးရိမ်ပါနဲ့နော် မေ။ ကျွန်တော့် နာမည်က ငြိမ်းမောင်ပါ။ တက္ကသိုလ်မှာ မေနဲ့ အတန်းမတူပေမယ့် မေ့ကို လွန်ခဲ့တဲ့နှစ် Fresher Welcome ထဲက စပြီးသတိထားမိတဲ့ ကောင်လေးတစ်ယောက်ပေါ့။ တစ်နှစ်ကျော်တောင်ကြာပြီဖြစ်ပေမယ့် Fresher welcome တုန်းက မေ့သူငယ်ချင်းတွေနဲ့အတူတူကခဲ့တဲ့ "နွေမ" သီချင်းကတော့ ကျွန်တော့်အတွက် နှစ်သက်ရတဲ့သီချင်းလေးဖြစ်လာရတယ်ဆိုပါတော့။ "ဟေ့ ဟေ့နွေမ xxx ဟေ့ဟေ့နွေမ xxx နွေမရဲ့ ကကွက်လေးကချစ်စရာကွယ်" ဆိုတဲ့ သီချင်းလေးအတိုင်းပါပဲ မေ။ အဲ့နေ့က အဝါရောင် ပိတောက်ပွင့်အဆင်ဝမ်းဆက်မြန်မာဝတ်စုံလေး ဝတ်ထားတဲ့ မေ့ကို အခုထိ မျက်လုံးထဲစွဲနေသေးတယ်ဗျာ။ ကဲ ထားပါတော့ဗျာ။ ကျွန်တော်က မေ့ထက် ၁ နှစ်ကြီးတဲ့အတန်းကဆိုပါတော့ဗျာ။ ပုံမှန်စာသင်ရတဲ့အဆောင်ကတော့ အမြဲမတူပေမယ့် Practical ဆိုရင်တော့ မေက ကျွန်တော်တို့အဆောင်ကိုလာနေကျပေါ့။ နောက်အပတ် မေတို့ Tutorial စာမေးပွဲ ရှိတယ်ဆိုလို့ စာအရှည်ကြီးတော့မရေးတော့ဘူးနော်။ မေ စာသေချာလုပ်နော် ဖိုက်တင်း။ မေက အမြဲစာတော်တယ်လို့ ဆရာမတွေကြား နာမည်ကြီးတော့ မေကတော့ စာတွေရပြီးသားဖြစ်မှာပါဗျာ။ ကဲ ကဲ စာလုပ်တော့နော်။
ဒီစာက မေ့အတွက် အနှောင့်အယှက်ဖြစ်စေရတယ်ဆိုရင် ခွင့်လွှတ်ပါဗျာ။
ကျွန်တော် မေနဲ့ ခင်မင်ခွင့်ရနိုင်မလား။
ငြိမ်းမောင်
YOU ARE READING
မေ့ထံသို့ စာအစောင် (၁၀၀)
Romanceဒီဇာတ်လမ်းလေးကတော့ ကျွန်တော့်ဘက်ကနေ မေ့ထံကို ရေးခဲ့တဲ့ ရည်းစားစာအစောင် (၁၀၀) ပေါ့ဗျာ။ ရည်းစားစာလို့ပြောတဲ့အတိုင်း စာဖတ်ပရိသတ်တွေအနေနဲ့လည်း ချစ်ခြင်းမေတ္တာတရား၊ စိတ်လှုပ်ရှားမှု၊ အချစ်ရဲ့စွမ်းအား၊ အလွမ်းအဆွေးတွေကို ခံစားမိမယ်လို့ထင်ပါတယ်ခင်ဗျာ။