''သို့
မောင်စော
နှစ်ကူးခါ အဘတို့အမတို့က အလှူကြီးပေးလိမ့်မယ်
သားနှစ်ယောက်လည်း ရှင်ပြုကြမယ်
မင့်လည်း သတိရနေကြလို့
သင်္ကြန်ခါတော့
ရွာပြန်ခဲ့ဦးကွဲ့...''ပုံ
ကိုရွှေကြီးလူကြုံဖြင့်ပါးလိုက်သော ကျွန်တော့်အစ်ကိုကြီးဆီမှ စာကို ဖွင့်ဖတ်ပြီးနောက် တွေးဆလိုက်သည်။
ကျွန်တော့်ဘဝဇစ်မြစ်ဧကန်မှာ အညာသားစင်စစ်ဖြစ်သော်လည်း တက္ကသိုလ်ဘွဲ့ရပြီးတည်းက ရန်ကုန်မှာပဲအလုပ်လုပ်ရင်း အခြေချနေလာခဲ့တာ ရန်ကုန်သားကြီးတစ်ပိုင်းပင်ဖြစ်တော့မည်ဟု ကိုယ့်အတွေးနှင့်ကိုယ် ယူဆထားလိုက်သေးသည်။
ကျွန်တော်တို့ရွာသည် ချင်းတွင်းမြစ်အထက်ပိုင်းရှိ အထက်အညာဒေသတွင်ဖြစ်သည်။ စိုက်ပျိုးရေး ပွဲရုံလုပ်ငန်း ရွှေမျှောလုပ်ငန်းစသည့် အလုပ်အကိုင်များနှင့် သူ့ဘာဝနှင့်သူ သာယာစည်ပင်သည့်မြို့ကလေးအနားတွင်ရှိသော ရွာပေမို့ အေးချမ်းချောင်လည်သည်ဟု ဆိုရလေမလား။
ရွာအမည်မှာ အောင်ချမ်းအေးမြောက်ရွာပင်။ တစ်ချိန်ကတော့ ရွာသို့သွားချင်လျှင် မုံရွာမှသည် မော်တော်နှင့်သာ သွားခဲ့ရသော်လည်း ယခုအချိန်တွင်တော့ ကားလမ်းများလည်း သာလေပြီဖြစ်ကာ ရွာအနီးမြို့လေးအထိ ကားဖြင့် ခရီးဆန့်နိုင်သည်။ ထိုမှဆက်၍ ရွာဆီသို့ ဇက်နှင့် ဆက်ကူးရမည်။
ကျွန်တော်ငယ်စဉ် ၉ နှစ်သားအရွယ်တွင် အမိအဘများကွယ်လွန်တော့ ကျွန်တော်နှင့်ဝမ်းကွဲတော်စပ်သူ ကိုရွှေမောင်ကြီးတို့မိဘများဖြစ်သော ဦးသာပို ဒေါ်စိန်နွယ်တို့က မွေးစားကာ ကျောင်းထားပေးခဲ့ကြ၍ ထိုသူတို့မှာ ကျွန်တော့်ကျေးဇူးရှင် ဖခင်နှင့် မိခင်များလည်းဖြစ်ပေသည်။ ထို့ကြောင့် အစ်ကိုကြီးထံမှ စာရလျက် ကျွန်တော် မသွား၍လည်း မဖြစ်ပါ။ ကျွန်တော် ရွာသို့ မရောက်ဖြစ်သည်မှာလည်း ကြာလှပြီ။
ရွာအလှူကို ကျွန်တော်တစ်ယောက်တည်း မသွားဘဲ ကျွန်တော်နှင့် အင်မတန်ရင်းနှီးသော ကျောင်းနေဖက်သူငယ်ချင်း ထွန်းနွယ်ကိုပါ အဖော်အဖြစ် အပါခေါ်ခဲ့သည်။ သူလည်း သင်္ကြန်တွင်း ပျင်းရော့မည်ဟုဆိုကာ လိုက်ခဲ့တော့သည်။ ထွန်းနွယ်က အခု အင်ဂျင်နီယာကြီး ဖြစ်နေပါပြီ။
YOU ARE READING
တသသ သင်္ကြန် / တသသ သင်္ကြန် [Completed]
Short Storyသင်္ကြန်ကာလ စိတ်ကူးပေါ်သမျှ ရေးဖြစ်ခြင်းပါ။