"ဆောင်းဟွန်းနီး~~ဆောင်းဟွန်းနီး"
ပြန်ရောက်သည်နှင့် အကျင့်ပါနေသည့်အတိုင်း အော်ခေါ်လိုက်မိသော်လည်း တစ်ဖက်မှ တုံ့ပြန်သံမကြားရသဖြင့် ဂျိတ်၏မျက်ခုံးလေးများက အလိုမကျစွာ တွန့်ချိုးစပြုသည်။
"ဂျယ်ယွန်းနီး...မင်း ပြန်ရောက်လာပြီလား?"
ရေစိုနေသော ဆံပင်များကို သဘတ်တစ်ထည်ဖြင့် ခြောက်အောင်သုတ်ရင်း အခန်းထဲမှထွက်လာသူကို မြင်လိုက်ရသည့်အခါမှ ဂျိတ်နှုတ်ခမ်းပါးလေးများက ကော့ညွှတ်တက်သွား၏။
"ဒီနေ့ ဘယ်လိုလဲ? အများကြီး ပင်ပန်းခဲ့သေးလား?"
အမေးစကားနှင့်အတူ လက်နှစ်ဖက်အား ဖွင့်ဟကာ သူ့အားစောင့်ကြိုနေသော ရင်ခွင်ကျယ်ဆီ တုံ့ဆိုင်းမှုမရှိပါဘဲ ဂျိတ်ခပ်သွက်သွက်ကလေး ပြေး၀င်မိလိုက်သည်။ ရေချိုးပြီးစဖြစ်သည်မို့ ဆောင်းဟွန်းထံမှ ရနံ့သင်းသင်းလေးတစ်ခုရနေ၏။ ယခုတွင်မှ ဂျိတ်၏ ပင်ပန်းနွမ်းနယ်နေမှုများဟာလည်း ပြေလျော့သွားရသယောင်။
"အင်း...မင်းမသိလို့ အချိန်ဇယားတွေက တစ်နေ့လုံး ဆက်တိုက်ပဲ"
"ဟုတ်လား...ကိုယ့်ကိိုပြောပြပါအုံး"
ဤသို့ဖြင့် ဆိုဖာတွင်၀င်ထိုင်ကြရင်း ဂျိတ်မှာ သူ၏တစ်နေ့တာအကြောင်း ဆောင်းဟွန်းအား တတွတ်တွတ်ပြန်လည်ပြောပြတော့သည်။
သူတို့နှစ်ဦးမှာ မနက်ကတည်းက En-log ရိုက်ကူးဖို့အတွက် တစ်ယောက်တစ်နေရာစီသွားကြရင်း မတွေ့ဖြစ်ကြတော့တာပင်။ ထို့နောက် လာမည့် album အသစ်အတွက် တစ်ဦးချင်းစီ သီချင်း recording လုပ်ခဲ့ရ၏။ ထို့ပြင် ဂျိတ်မှာ ဂျပန်ဘာသာစကားတွင် အနည်းငယ် အားနည်းနေသေးသည်မို့ တစ်ဦးတည်း ဘာသာစကားသင်တန်း အချိန်ပိုကိုပါ သွားတက်ရသေးသည်။
"En-log အတွက် သုံးနေရာလောက် သွားထားရလို့ ပင်ပန်းနေပါတယ်ဆို record လုပ်ပေးတဲ့နည်းပြရော သင်တန်းဆရာရော ငါ့ကိုနည်းနည်းမှ သက်ညှာမပေးကြဘူးလေ။ ဆရာကလည်း စာတွေ အရမ်းမေးတယ်။ record လုပ်တော့လည်း နည်းပြက ငါးခေါက်ထက်မနည်းကို ပြန်ဆိုခိုင်းခဲ့တာ"