Episode 01

59 2 0
                                    

စစ်သူကြီးတို့၏အဆောင်အယောင်မျိုးနှင့် ဝင့်ထည်လှသည့်အမျိုးသားတစ်ဦးမှာ နန်းရင်ပြင်ကျယ်တွင်ဒူးထောက်လျက်။ လှေကားထက်မှ တစ်လှမ်းချင်းဆင်းလာနေသော မိန်းမပျိုသည် ခံစားချက်မဲ့သောအသွင်ကိုဆောင်၏။ ခြေလှမ်းတိုင်းတွင် အနည်းငယ်ထွက်ပေါ်လာတတ်သည့် သူ၏ဝတ်ရုံအနားစအောက်မှ ရွှေချည်ထိုးဖိနပ်တစ်ရံသည် ဒူးထောက်နေသောစစ်သူကြီး၏ တည်ငြိမ်နေသောမျက်နှာပေါ်တွင် အပြုံးတစ်ပွင့်ကိုပွင့်စေသည်။

"မိဖုရား"

လှေကားထစ်များအဆုံးမှ နန်းရင်ပြင်ထက်သို့ခြေအချတွင် ပေါ်ထွက်လာသည့် ထိုအသံလာရာဆီသို့ မိန်းမပျိုကလှည့်ကြည့်လိုက်သည်။
ခေါ်လိုက်သူ၏ဦးခေါင်းထက်မှသရဖူနှင့် လက်တွင်ကိုင်ဆွဲထားသောဓားအရ ထိုသူမှာ

"အရှင်မင်းကြီး"

ဦးညွှတ်အရိုအသေပေးလာသည့် သူ၏မိဖုရားကို ဘုရင်မင်းမြတ်ငေးကြည့်နေရင်းမှ

"နောက်ဆုတ်ပါ။"

"ကျွန်တော်မျိုးမ၏တစ်သက်တာလုံး အလိုဆန္ဒများကို ရှေ့မဆက်ဖြစ်ခဲ့ပါ။ ဤတစ်ကြိမ်တွင်တော့ ..."

တစ်ခဏအတွင်းမှာပင် မိဖုရားနှင့် စစ်သူကြီး၏ကြားသို့ ဘုရင်ကိုယ်တော်တိုင်ရောက်ရှိသွားသည်။

"ငါကိုယ်တော်သည်လည်း တစ်သက်တာလုံး စောင့်ခဲ့ရသည်မဟုတ်ပါလား။"

"ကျွန်တော်မျိုးမ၏ရှင်သန်ခြင်းကို အရှင့်အတွက်ပေးခဲ့သည်။ သေဆုံးခြင်းကိုတော့ဖြင့် လက်လွှတ်ပါလေ။"

ဘုရင်၏ဆောင်ဓားသည် မျက်စိတစ်မှိတ်အတွင်း မိဖုရား၏လက်ဝယ်သို့ ရောက်သွားခဲ့၏။ သို့သော် မိဖုရား၏နံဘေးသို့ စစ်သူကြီးရောက်ရှိသွားသည့်အလျင်ကို မကျော်လွန်နိုင်ပေ။ ဓားသွားတို့၏ဦးတည်ရာက လျင်မြန်စွာပြောင်းသွားခဲ့ပြီး စစ်သူကြီး၏နှလုံးသားတည့်တည့်သို့ ဖောက်ထွင်းသွားခဲ့သည်။

"Keith"

တိုးလျညင်သာသည့်ခေါ်သံတွင် စစ်သူကြီး Keith အကြိမ်ကြိမ်ကျဆုံးခဲ့ရဖူးသည်။ သို့သော် သည်ဘဝတွင် သည်တစ်ကြိမ်မှာ နောက်ဆုံးဖြစ်ပေလိမ့်မည်။

TRAP (မြှုံး / ျမႇံဳး) ᴴⁱᵃᵗᵘˢWhere stories live. Discover now