စတော်ဘယ်ရီနဲ့ စီးကရက်ဟာ လိုက်ဖက်မှုမရှိလှပေမဲ့ စွဲလန်းစေတာချင်းတော့ အတူတူပဲ ။ လူကို တဖြည်းဖြည်းနဲ့ ယစ်မူးစေပြီး ပြန်လမ်းမရှိနိုင်တဲ့ လမ်းကို ဆွဲခေါ်တတ်တယ် ။ ဟုတ်ပါတယ် ၊ သေချာပါတယ် ။ ဒေါက်တာက စတော်ဘယ်ရီနဲ့ စီးကရက်တွေလိုပါပဲ ။
_________________________________________
ပထမဆုံး တွေ့ဆုံမှု ? အဲဒီအကြောင်း ပြန်ပြောရမယ်ဆို ဂျန်းနီတော့ ရယ်ချင်တာပဲ သိတယ် ။ အို အို ၊ တကယ်တော့ ရယ်ချင်တယ်ဆိုတာက အခု ပြန်တွေးကြည့်လို့ပါ ။ တကယ်တော့ အဲဒီအချိန်တုန်းက ဂျန်းနီတစ်ကိုယ်လုံး တဆတ်ဆတ်တုန်ပြီး ကြောက်နေခဲ့တာလေ ။
ဆိုင်ပိတ်ပြီ ၊ ပြန်တော့မယ်ဆိုတဲ့ အချိန်ကျမှ ကားစက်က နှိုးမရတာနဲ့ ဘတ်စ်ကားနဲ့ပြန်ဖို့ ဆုံးဖြတ်မိခဲ့တဲ့ ညတစ်ခုပေါ့ ။ တကယ်တော့ အဲဒီပထမဆုံးတွေ့ဆုံမှုက သိပ်ကို ဆန်းကြယ်ပြီး ဘုရားသခင် ကိုယ်တိုင်လာရေးပေးသွားတဲ့ ပြဇာတ်တစ်ပုဒ်လိုပါပဲ ။ နေရာစေ့ ဖြစ်ပျက်လာသမျှ အကြောင်းတိုင်းဟာ သူနဲ့ တွေ့ဆုံဖို့ အကြောင်းဖန်နေတယ်ဆိုတာ နောက်ပြန်တွေးမှ သိရတော့တယ် ။ အဲဒီနေ့ညက ဘတ်စ်ကား နောက်ကျနေခဲ့တယ်လေ ။ သူနဲ့ ဂျန်းနီကို တွေ့ဆုံစေဖို့အတွက် ဘတ်စ်ကားမှတ်တိုင်မှာ အချိန်အတော်ကြာတဲ့အထိ ဂျန်းနီရပ်စောင့်နေခဲ့ရတယ် ။
"ဘုရားရေ !"
အုန်းခနဲ ထွက်လာတဲ့ အသံခပ်ကျယ်ကျယ် ၊ ကားဘရိတ်အုပ်သံ ၊ နောက် ကားမောင်းထွက်သွားသံ ၊ အော်သံဟစ်သံတွေက ဘတ်စ်ကားမှတ်တိုင်မှာ စောင့်နေတဲ့ ဂျန်းနီအပါအဝင် လူလေးငါးယောက်ကို ထိတ်လန့်သွားစေတယ် ။ အရှိန်မပြင်းလှတဲ့ ကားတစ်စီးနဲ့ လူတစ်ယောက် ဝင်တိုက်တယ် ။ ကားက တိုက်ပြီး ထွက်ပြေးသွားတယ် ။
တစ်ကိုယ်လုံး အနက်ရောင် suit တွေ ဝတ်ထားတဲ့ လူသုံးလေးယောက်နဲ့အတူ လျော့တိလျော့ရဲ စည်းထားတဲ့ ရွှေအိုရောင်တွေပေါ်က ဖဲကြိုးကို စိတ်မရှည်ဟန်နဲ့ ဆွဲဖြုတ်ပြီး ကားနဲ့အတိုက်ခံလိုက်ရတဲ့ လူအပေါ် တက်ခွလိုက်တဲ့ မိန်းကလေးတစ်ယောက်ကို တွေ့ရတယ် ။ (နောင်တစ်ချိန်တော့ ကျွန်မရဲ့ စီးကရက်ကလေးပေါ့လေ) သူတို့အားလုံးရဲ့ အကြည့်တွေက တုန်လှုပ်မှုတွေ ၊ ကြောက်ရွံ့မှုတွေနဲ့အတူ အဲဒီနေရာကိုပဲ စုပြုံရောက်နေကြတယ် ။ ဘေးနားက အစ်ကိုနှစ်ယောက်နဲ့ ကောင်မလေးတစ်ယောက် ၊ နောက် ကိုယ်ဝန်ဆောင်အမျိုးသမီးနဲ့ သူ့အမျိုးသားဖြစ်ပုံရတဲ့ လူက ဖုန်းတွေထုတ်ပြီး အဲဒီနေရာကို ဗီဒီယို လှမ်းရိုက်နေကြတယ် ။
YOU ARE READING
Strawberries and Cigarettes
FanfictionRemember when we first met? You said "light my cigarette" .