"သိသလို မသိမလို မလုပ်ပါနဲ့ အန်တီ"
ကျွန်မစကားကို အန်တီက ရယ်သည် ။
ဘာလို့လဲ ၊ ကျွန်မစကားမှာ ရယ်စရာမှမပါဘဲ ။" မင်း အခု ကျောင်းပဲသွားတက်သင့်ပီ"
ကျွန်မ အလိုမကျစွာ မျက်မှောင်ကြုံ့မိသည် ။
နာရီကို ကြည့်မိတော့ မနက်8နာရီသာရှိပါသေးသည် ။" အတန်းက 9နာရီမှစမှာလေ အန်တီ"
"ကိုယ် အလုပ်သွားရမယ် ၊ မင်းလဲ ကျောင်းတက်ရမယ်လေ ၊ မင်းအတွက် စောနေပေမယ့် ကိုယ့်အတွက် နောက်ကျနေပီမို့ သွားခွင့်ပြုတော့ ကောင်မလေး"
ပြောပြောဆိုဆို အန်တီက ပိုက်ဆံရှင်းကာ ထထွက်သွားသည်။
စားပွဲထက်က မကုန်သေးသော ဆန်းဝှစ်ကို ကြည့်ရင်း ကျွန်မ သက်ပြင်းချမိသည်။
ကျွန်မရှိနေသော ဆိုင်လေးသည် အေးဆေးကာ ထိုင်လို့ကောင်းသည် ၊ ကွန်ဒိုက လူတွေအတွက်သာ သီးသန့်ဖွင့်ထားသောကြောင့် လူရှင်းကာ အေးဆေးသည် ။ ကျွန်မနေသော အခန်းကနေဆိုလျှင် ဒီဆိုင်လေးနှင့် ရေကူးကန်ကို လှမ်းမြင်ရသည်။
ကျွန်မ သဘောကျရသော နေရာများထဲမှ တစ်ခုပင်။
အန်တီ၏ အခန်းကနေဆိုလျှင်တော့ လမ်းမကိုလှမ်းမြင်ရသည် ၊ ဇွတ်တရွတ် လိုက်လည်ခဲ့သည်မို့ သေချာတော့ မမြင်ဖူးပါ ။
အန်တီ့အကြောင်းကို ပြောရမည်ဆိုလျှင် သူမ၏ ချစ်စရာကောင်းသော စိတ်ထားလေးကို အရင်ပြောရမည် ။ အန်တီသည် တိရစ္ဆာန်လေးများကို သိပ်ချစ်တတ်သည် ၊ ကွန်ဒိုအနားက ခွေးလေးများကို တကူးတက နေ့စဉ်အစာကျွေးတတ်သည် ၊ နေမကောင်းဟန်တူသော တိရစ္ဆာန်လေးများကို ဆေးခန်းသွားပြပေးကာ ဂရုစိုက်ပေးပီး စိတ်ချရမှ ပြန်လွှတ်တတ်သည် ။ ကျွန်မ အန်တီ့ကိုသတိပြုမိသည်က ထိုအချက်မှ စတင်ခဲ့သည် ။ အိမ်၏ အဝေးမှာ ကျောင်းလာတက်သော ကျွန်မအတွက် အန်တီက စိတ်၏ နွေးထွေးရာတစ်ခုပင် ။
အန်တီသည် သိပ်လှပါသည် ၊ သူမ၏ အလှကို ကျွန်မ အဓိပ္ပာယ် မဖွဲ့တတ်ပါ ၊ လှသည်ဟုသာ ပြောတတ်သည် ။ အန်တီက ကျွန်မထက် ခေါင်းတစ်လုံးလောက် အရပ် ပိုမြင့်ပါသည်။ ဒါကို ကျွန်မကြိုက်သည် ။ အန်တီသည် မိန်းမပီသစွာ လှပသည် ။ ကျွန်မ ဒီလောက်သာ ပြောတတ်သည် ။ အနက်ရောင် ဆံပင်ရှည် ၊ နက်မှောင်သော မျက်ခုံးနှင့် အချိုးစစ် လှပသော ခန္ဓာကိုယ်ကို ဖြူဥနေသော အသားရေနှင့် တွဲဖက်လိုက်သောအခါ အန်တီ လူဘယ်နှစ်ယောက်ကို ငြင်းခဲ့လို့ ယခုထိ အပျိုကြီးဖြစ်နေသလဲဆိုတာကို စဉ်းစား၍ မရနိုင်။
ကျွန်မကတော့ အန်တီနှင့် ဆန့်ကျင်ဘက်ပင် ၊ အသားဖြူတာလောက်သာတူသည် ။ ဆံပင်ကို သုံးလတစ်ခါ အရောင်ပြောင်းတတ်သော ကျွန်မ ၊ မျက်ခုံးက မဆွဲထားလျှင် မပါသလိုပင် ၊ ခန္ဓာကိုယ်ကတော့ သူ့နေရာနှင့်သူ အနဲငယ် ကြည့်ကောင်းသည်ဟု ဆိုရမည် ။
အန်တီ့ကို မယှဉ်နိုင်ပေမယ့် ကျွန်မလဲ ကျောင်းမှာ ရေပန်းစားတာတော့ အမှန်ပါ ။