" ငါတို့ကွာရှင်းရအောင် "
တိတ်ဆိတ်နေသောအခန်းကျယ်အတွင်း ကြည်လင်ပြတ်သားစွာထွက်ပေါ်လာသော မထင်မှတ်ထားစရာစကားသံ။
ထိုသို့အပြောခံလိုက်ရသူ၏ မျက်နှာမှာ အံ့ဩခြင်း ၊ မယုံနိုင်ခြင်းတို့အပြင် ဒေါသထွက်ခြင်းဟူသော မျက်နှာပုံစံအမျိုးမျိုးကတစ်လှည့်ဆီဖြစ်ပေါ်နေသော်လည်း ထိုစကားကိုပြောလိုက်သူမှာ ပကတိတည်ငြိမ်နေပြီး ထမင်းစား၊ရေသောက် ပြောသကဲ့သို့ပင် မျက်နှာထက်မည်သည့်အမူအရာမှမရှိ။
" ဘာ!!! မင်းဘာပြောလိုက်တာ "
မယုံနိုင်သလိုထပ်မေးမိတော့ ထပ်၍ပြတ်သားစွာထွက်ပေါ်လာသော အသံတည်ကြည်ကြည်။
" မင်းကြားလိုက်ပါတယ် ကွာရှင်းကြမယ်လို့ပြောလိုက်တာ ၊ ငါစာချုပ်မှာ လက်မှတ်ထိုးပြီးသား "
ပြောပြီးသည်နှင့် အလုပ်စားပွဲမှထရပ်လိုက်တော့ ကုတင်ပေါ်မှာထိုင်နေသူက မယုံနိုင်ခြင်းများစွာဖြင့် မော့ကြည့်လာသည်။ သို့သော် စိတ်တိုနေသည့်မျက်နှာဟုပြောလျှင်ပိုမှန်ပေလိမ့်မည်။ မကြာခင်ပေါက်ကွဲတော့မည့်လူအား စေ့စေ့ကြည့်လိုက်တော့ ထင်ထားသည့်အတိုင်း ဝုန်းတိုင်းထကြဲတော့သည်။
ခွမ်းးးး
'ဟုတ်တယ် ဒါကမှ မင်းပုံစံအစစ်လေ ကိုကိုရဲ့'
ကုတင်ဘေးက စင်လေးပေါ်ရှိပန်အိုးသည် နံရံနှင့်ပစ်ပေါက်ခြင်းခံလိုက်ရပြီး အစိပ်စိပ်အမွှာမွှာ။ ထို့နောက် နှိုးစက်နာရီလေး ၊ ကုတင်ပေါ်မှခေါင်းအုံးများ ၊ စားပွဲပေါ်မှစာအုပ်များ ၊ လက်ကိုင်ဖုန်း စသည် သက်မဲ့ပစ္စည်းတို့ဟာ ပိုင်ရှင်၏ ဒေါသပုံချခြင်းကို ခံရလေသည်။
ချလွမ်းးး ခွမ်းးး
ထို့နောက် သူတို့နှစ်ဦးရဲ့ဓာတ်ပုံဘောင်လေးကြမ်းပြင်သို့ကျကွဲသွားသံ.....။
ဒါက တကယ်ကိုအဆုံးသတ်ဖြစ်မည်ထင်ပါသည်။စိတ်တိုတိုင်း အနားရှိပစ္စည်းများကိုမထင်ရင်မထင်သလို ကိုင်ပေါက်ရိုက်ခွဲတတ်ပုံက ယခင်နှစ်များကနှင့်တစ်ပုံစံတည်း။
" မကွာပေးဘူး ငါမင်းကိုလွယ်လွယ်နဲ့လက်ထပ်ယူထားတာမဟုတ်ဘူး ဆွန်းဟန်! လုံးဝမကွာပေးနိုင်ဘူး "