ပျောက်ဆုံးနေသော ကျွန်တော်ရဲ့ နှလုံးသားကို လိုက်ရှာရင်း နေရာကြီးတစ်ခုကိုရောက်လာခဲ့တယ်။ ထူးဆန်းသော နေရာကြီးတစ်ခု။ မှောင်မည်းနေသောကောင်းကင်ကြီးကိုသာ တွေ့ရပြီး ကျွန်တော်၏ရှေ့တွင် ရှိနေသော ရဲတိုက်ကြီးတစ်ခု။ အခုရောက်နေတာ ဘယ်နေရာလဲဟု ကျွန်တော့်ကိုယ်ကျွန်တော်မေးမိသည်။ ရဲတိုက်ကြီးရှိ ဂိတ်တံခါးကြီးမှာ ရုတ်တရက်ပွင့်လာသောကြောင့် လန့်သွားမိသည်။
''လူရှိလား''
စက်အသံအချို့ထွက်ပေါ်လာကာ ဂိတ်တံခါးကြီးမှာ ပြန်ပိတ်သွားသည်။ စပ်စုမိသော ကျွန်တော်မှာ ရဲတိုက်ကြီးအတွင်းတွင် ပိတ်မိနေတော့သည်။
''ကောင်းရော ခင်ဗျား ကျွန်တော့်ကို မြင်ရတယ်မလား ''
''မြင်ရရင်ထွက်လာခဲ့ပါဗျာ သရဲခြောက်သလို လုပ်မနေပါနဲ့''
လူမထွက်လာဘဲ ရဲတိုက်ကြီးတစ်လုံး ထိန်လင်းသွားသည်အထိ နံရံပေါ်ရှိ မီးတုတ်များမှာ တစ်ချောင်းပြီး တစ်ချောင်းမီးစွဲသွားသည်။ ဤမဲမဲသဲသဲရဲတိုက်ကြီးမှာ မီးလင်းသွားသည်နှင့် အတော်လှသည်။ အပြာရောင်နှင့် မီးခိုးရောင် ရောစပ်ထားသော ရဲတိုက်ကြီးဖြစ်သည်။
ကျွန်တော်၏အတွေးများမှာတော့ ကြောက်တစ်ဝက် စပ်စုလိုစိတ်တစ်ဝက်။ ပျောက်ဆုံးသွားသော ကျွန်တော်၏နှလုံးသားမှာ ဤနေရာမှာ ရှိနိုင်မလားလည်း တွေးမိပြန်သည်။
ကျွန်တော် မှောင်မည်းနေသော လောကကြီးမှာ လျှောက်နေရတာ ဘယ်လောက်ရှိပြီလဲတောင် မမှတ်မိတော့ချေ။ ကျွန်တော် မှတ်မိနေတာက နှလုံးသားပျောက်လို့ လိုက်ရှာနေသည် ဟူ၍သာ။
နောက်ဆုတ်ရန်လည်း မတတ်နိုင်တော့ချေ။ ကျွန်တော် ရှေ့ကို တိုး၍သာ ရဲတိုက်အတွင်းသို့ ဆက်သွားလိုက်သည်။
''ခင်ဗျား ကျွန်တော့်ကို လန့်သေသွားအောင်များ စီစဉ်ထားသလား ဘာလို့ ကျွန်တော် ခြေလှမ်းလှမ်းလိုက်မှ မီးတုတ်တွေက ထတောက်လာရတာလဲလို့''
လျှောက်လမ်းသည် အတော်ကျဉ်းသည်။ 'ဝုန်း'ဆိုသော မီးထတောက်သံကိုပါ ကြားနေရသည်။ လျှောက်လမ်းတစ်လျှောက် ခင်းထားသော အနီရောင်ကောဇောကို မျက်စိတစ်ဆုံးတွေ့လိုက်ရသည်။ နံရံပေါ်မှာတော့ မီးတုတ်များကလွဲလျှင် ဘာမျှမရှိချေ။