[ Unicode ]
သတင်းကြားရာ ဆေးရုံသို့ရောက်သည်နှင့် ကားပေါ်မှခပ်သွက်သွက်ပြေးဆင်းရင်း အရေးပေါ်ဌာနရှိရာကို
အရူးတစ်ပိုင်း လှည့်ပတ်ရှာမိသည် ။ အရေးပေါ်ခန်းထဲရောက်လို့ ခြေချလိုက်ပြီဆိုရင်ပဲ ကျန်းမာရေးဝန်ထမ်းများ ၊ လူနာနှင့်လူနာရှင်များစွာတို့၏
ပြာပန်းခတ်မတက် ပြေးလွှာလှုပ်ရှားနေကြပုံ
မြင်ကွင်းဟာ ခေါင်းနှောက်စဖွယ် ။ သို့သော် ကိုယ်လည်း ကိုယ့်အပူနှင့်ကိုယ်မို့ ၎င်းတို့အား မတွန်းတိုက်မိအောင်သာ အတတ်နိုင်ဆုံးရှောင်သိမ်းရင်း အကာအရံပြုထားသော ခန်းစည်းစတစ်ခုချင်းဆီတိုင်းကို ဆွဲလှပ်ရှာဖွေမိသည် ။" အီသန် တစ်ခုခုလုပ်ပါဦး... သမီးလေးက ခုထိသတိမရလာသေးဘူး ~ "
" ဂိုအွန်းက မကြာခင်သတိရလာမှာပါ ...အရမ်းမစိုးရိမ်နဲ့နော် "
" ဒါပေမယ့် ..."
သေချာမစစ်ကြည့်ပါဘဲ ကျော်သွားမလိုပြုမိတဲ့
ကုတင်ရှေ့မှ " ဂိုအွန်း " ဆိုတဲ့နာမည်ကြားလိုက်တာကြောင့် နှလုံးခုန်နှုန်း လျင်မြန်သွားခြင်းနဲ့အတူ
ခန်းစည်းစကိုပါ တစ်ဝက်ထိတွန်းဖယ်လို့ အတည်ပြုမိလျက်သား ။ ကုတင်ထက်မှာ ဆေးပိုက်အသွယ်သွယ်ဖြင့် သတိမေ့လဲလျောင်းနေသော ကောင်မလေးတစ်ယောက်ကိုမြင်လိုက်ရသည်နှင့် ဆောင်းဟွန်းမျက်နှာတစ်ခုလုံး သွေးစုတ်စုတ်ဖြူသွားသည် ။ ဆေးသွင်းထားသည့် လက်သေးသေးလေးကို ဖွဖွရွရွလေးမျှ ဆုပ်ကိုင်ထားသည့် လက်တစ်စုံရဲ့ပိုင်ရှင်ထံ အကြည့်ရောက်မိတော့ ဒေါသစိတ်ကထောင်းခနဲ ။ အဲ့ဒါတွေထက် အဲ့သည်လူရဲ့ပုခုံးစွန်းနှစ်ဖက်ကို သာသာဖိညစ်ရင်း အားပေးနေပုံရသည့် ယောက်ျားသားတစ်ယောက်ရဲ့ လက်ဖဝါးများဟာ ဆောင်းဟွန်းကို ပိုလို့တောင်မှ အလိုမကျဖြစ်စေခဲ့သည် ။လူရိပ်ကို ခံစားမိ၍ အဲ့သည်လူရော ၊ အဲ့သည်လူရဲ့နံဘေးကသူစိမ်းကပါ ဆောင်းဟွန်းကို အံ့ဩတကြီး
လှည့်ကြည့်လာကြ၏ ။
ရင်းနှီးလိုစိတ် စိုးစဉ်းမျှပင်မရှိ၍သာ 'သူစိမ်း' ဟု ခပ်လွယ်လွယ်သုံးနှုန်းလိုက်ပေမယ့် တစ်ကြိမ်တစ်ခါမျှ
မမြင်ဖူးခဲ့သည့် သူစိမ်းတော့မဟုတ် ။ မှတ်မိသလောက်ဆို သန်းခေါင်းယံထိုးခါနီးမှ ရှင်းမ်ဂျယ်ယွန်းရဲ့အိမ်ကနေပြန်သွားခဲ့တဲ့သူစိမ်း ။ ဆောင်းဟွန်းသာ အဲ့ဒီညက ရှင်းမ်ဂျယ်ယွန်းဆီ မသွားဖြစ်ခဲ့လျှင် ညလုံးပေါက်အတူအချိန်ကုန်ဆုံးနေလောက်မည်ဟု ယူဆရသည့်သူစိမ်း ။