တက္ကသိုလ် ကျောင်းတွေ ဖွင့်ချိန် နေစိုး တစ်ယောက် ပျော်နေသည်။ 10 တန်း အောင်ကတည်းက တက္ကသိုလ် တက်ရမည့် အချိန်ကို မျှော်နေခဲ့ရသည်။ တက္ကသိုလ် ကျောင်းသားဘဝ ခံစားမှု၊ ပျော်ရွှင်ဖွယ် ကောင်းမှုများကို video ဇာတ်လမ်းများ ကြည့်ပြီး ရူးသွပ်ခဲ့ရသူ ဖြစ်သည်။ မြန်မာစာ major ရရှိပြီး မန္တလေးတက္ကသိုလ်တွင် တက်ရမည် ဖြစ်သည်။မန္တလေးတွင် အဖေ့ညီ ဦးလေး မိသားစု ရှိသည်။ ဦးလေးတို့က အမျိုးသမီးအဆောင် ဖွင့်ထားသည်။ ကျောင်းတက်လျှင် ဦးလေး အိမ်၌ နေရမည်ဟု မိဘများက ပြောလာသောအခါ နေစိုး အကြောက်အကန် ငြင်းမိသည်။ မိန်းကလေးအဆောင် ဖွင့်ထားသည့်အပြင် ဦးလေးအိမ် ဖြစ်နေသဖြင့် လွတ်လပ်မှု မရှိမှာ သေချာသည်။ သို့သော် ဖခင်အား မလွန်ဆံနိုင်သဖြင့် ဆိုင်ကယ်တစ်စီးသာ ပူဆာ၍ ခေါင်းငြိမ့်လိုက်ရသည်။
ဦးလေးဖြစ်သူသည် နန်းရှေ့တွင် နေအိမ် တစ်လုံးရှိပြီး မြို့သစ်ထဲတွင် ခြံဝင်းကျယ်နှင့် နှစ်ထပ်တိုက် တစ်လုံး ရှိသည်။ နန်းရှေ့နေအိမ်၌ သူ၏ မိသားစု နေထိုင်ပြီး မြို့သစ်ရှိ နှစ်ထပ်တိုက်အား အမျိုးသမီး အဆောင်အဖြစ် ဖွင့်ထားသည်။ အဆောင်အား အုပ်ချုပ်ရန် ဦးလေး၏ မိန်းမဘက်မှ ဆွေမျိုး တော်စပ်သူ တစ်ဦးအား အဆောင်မှူးအဖြစ် ခန့်အပ်ထားသည်။
ထိုသူမှာ ကိုရန်နိုင် ဖြစ်ပြီး အသက် 30 ကျော်၊ အရပ်မြင့်မြင့်၊ ဗလတောင့်တောင့် လူပျိုကြီး ဖြစ်သည်။ မိန်းမကြမ်းကျေသူ တစ်ဦးဖြစ်သည်။ သူသည် ကားသမားတစ်ဦး ဖြစ်ပြီး ငွေကြေး ပြည့်စုံသူ ဖြစ်သည်။ ပြဿနာ တက်ထားသဖြင့် အိမ်မှ ကားမမောင်းခိုင်း၍ ခေတ္တနားရင်း အဆောင်အား အုပ်ချုပ်ပေးနေခြင်း ဖြစ်သည်။
အဆောင် မျက်နှာခြင်းဆိုင်တွင် ထမင်းဆိုင်လေး တစ်ဆိုင် ရှိ၏။ ထိုဆိုင်သည် နေ့လည် နေ့ခင်းတွင် အာပူလျှာပူ၊ အသုပ်စုံ တို့ပါ ရောင်းသဖြင့် ကျောင်းသား ကျောင်းသူများ စည်ကားလှသည်။
နေစိုး မန္တလေးသို့ ရောက်သည့်နေ့ပင်
” ကိုင်း !! ငါ့တူလေး !! အစကတော့ မင်းကို အိမ်မှာ ထားမလို့ဘဲ !! ဒါပေမဲ့ !! မင်းအကြောင်း ငါသိနေတော့ !! မင်းကို !! ငါ ထိန်းနိုင်မှာ မဟုတ်ဘူး !! အဲ့ဒီတော့ !! ရန်နိုင်က မင်းကို ထိန်းလိမ့်မယ် !! အဆောင်မှာဘဲ နေတော့ ”