၁
“ မြေပြင်တိုက်ပွဲဖြစ်ပွားနေခြင်း မရှိဘဲ လေတပ်မှ ဗုံးကြဲတိုက်ခိုက်ခြင်း ”
ဆိုသည့်သတင်းများကို ဒီအတောအတွင်း မီဒီယာများပေါ်၌ ခပ်စိတ်စိတ်တွေ့နေရသည်။
တိုင်းပြည်၏ နေရာအများစုတွင် ပြည်တွင်းစစ် ပြင်းထန်လျက်ရှိသည်။ စစ်သည်အင်အားနှင့် နယ်မြေကျွမ်းကျင်မှုတို့ကြောင့် တော်လှန်ရေးတပ်ဖွဲ့များ၏ စိုးမိုးနယ်မြေများ ကျယ်ပြန့်လာခဲ့သည်။ ထို့ကြောင့် အစိုးရစစ်တပ်သည် အချက်အချာကျသည့် အဓိကမြို့ကြီးများကို ကာကွယ်နိုင်ရန်သာ ခုခံစစ်ဆင်နွဲနေရသည်။
တဖက်တွင်လည်း တော်လှန်ရေးတပ်ဖွဲ့များ၏ စိုးမိုးနယ်မြေအတွင်း၌ စိမ့်ဝင်လှုပ်ရှားလျက်ရှိသည့် အထူးတပ်ဖွဲ့များ၏ သတင်းပေးပို့မှုများဖြင့် လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်ကာ တော်လှန်ရေးအင်အားစုများကို နှောက်ယှက်ထားနိုင်သည့်အတွက် တိုက်စစ်အဟုန်ကို လျော့ချထားနိုင်ခဲ့သည်။
ထို့ကြောင့်ပင် တိုက်ပွဲများမှ ရှေ့မတိုးနောက်မဆုတ်အနေအထားဖြင့် ဘတပြန်ကျားတပြန်ဖြစ်နေသည်။
လွန်ခဲ့သော ၆လခန့်...
ဗဟိုစစ်ဌာနချုပ်ရုံးမှ သူ့အတွက်သီးသန့် ဆင့်ခေါ်စာရောက်လာသည့်အတွက် သို့လော်သို့လော်ဖြစ်နေသည်။ ခံစစ်စည်းလိုဖြစ်နေသည့် ရှေ့တန်းစစ်မျက်နှာပြင်တွင် အပြင်းအထန် ခုခံနေရချိန်မှာ ဆင့်ခေါ်ခံရသည့်အတွက် ဘာကြောင့်လဲဆိုသည့် သိချင်စိတ်နှင့်အတူ ချန်ထားခဲ့ရမည့် ငယ်သားရဲဘော်များအပေါ် ၌လည်း တာဝန်ပျက်ကွက်ရသလို ခံစားရသည်။ တော်သေးသည် ဆင့်ခေါ်စာနှင့်အတူရောက်လာသော စစ်ကူစစ်ကြောင်းများကြောင့်သာ ဖြေသိမ့်ရသည်။
စစ်မှုထမ်းသက်တမ်းတလျှောက်လုံး မည်သည့်စည်းကမ်းမှ မချိုးဖောက်ခဲ့ပေမယ့် ရှေ့တန်းစစ်မျက်နှာပြင်မှာတော့ အထက်အမိန့်ကို ကျော်လွန်၍ မြေပြင်အခြေအနေအရ ပြုမူလုပ်ဆောင်ခဲ့ရသည်များရှိခဲ့သည်။ ထို့ကြောင့် ဗဟိုစစ်ဌာနချုပ်မှ တိုက်ရိုက်ဆင့်ခေါ်စာသည် သူ့ကို အရေးယူဖို့များလားဟု တွေးနေမိသည်။ ရှေ့တန်းစစ်မျက်နှာမှာ မိနစ်တိုင်းအချိန်တိုင်း အသင့်စောင့်နေတဲ့ သေမင်းကိုတောင် အံတုနိုင်ခဲ့သေးတာပဲ အရေးယူခံရနိုင်မှုတွေအတွက်တော့ ကြောက်ရွံစိုးထိတ်မနေဖို့ မိမိကိုယ်ကို အားပေးထားသည်။
ဆင့်ခေါ်စာရရခြင်း ရှေ့တန်းစစ်မျက်နှာပြင်မှ ဗဟိုစစ်ဌာနချုပ်သို့ ချက်ခြင်းထွက်လာခဲ့တာတောင် ၃ရက်ခရီးနှင်ခဲ့ရသည်။ ထူးထူးခြားခြား ခရီးစဥ်တလျှောက် အထူးသီးသန့်ညွှန်ကြားချက်ဖြင့် ဆိုင်ရာနယ်မြေအလိုက် တပ်မှူးများက သူ့အတွက် လုံခြုံရေးစီစဥ်ပေးသည့်အတွက် အံ့ဩနေခဲ့ရသည်။ စစ်ကူအရေးတကြီးလိုအပ်နေသည့်အချိန်များမှာသာ ယခုတဝက်လောက် စီစဥ်ပေးရင် သူ့ရဲဘော်တွေရဲ့ အသက်တွေကို အချိန်မှီ ကယ်တင်နိုင်ခဲ့လိမ့်မည်ဟု နှမြောသတမိသည်။
ဌာနချုပ်ရောက်တော့ စစ်တက္ကသိုလ်တုန်းက စီနီယာက ကိုယ်တိုင်လာရောက်ကြိုဆိုသည်။ ကျောင်းပြီးတည်းက မတွေ့ရတော့ဘဲ နိုင်ငံခြားစစ်တက္ကသိုလ်၌ ခေတ်မီစစ်ပညာရပ်များဆက်တတ်နေသည့် ညီအစ်ကိုလိုအရာရှိကို ပြန်တွေ့ရသည့်အတွက် ပျော်ရွှင်သွားရသည်။ အရေးယူခံရတော့မည်လားဆိုသည့် စိုးရိမ်စိတ်ပင် တဒင်္ဂပျောက်ကွယ်သွားသည်။
ရှေးဟောင်းနှောင်းဖြစ်များ အားရပါးရပြောပြီးနောက် အေးအေးဆေးဆေးအနားယူဖို့နဲ့ မနက်ဖြန်မနက်စာစားပြီးမှ ခေါ်ယူရတဲ့အကြောင်း ပြောပြမည်ဖြစ်ကြောင်းပြောသွားသည်။ ထို့ပြင် အရေးယူဖို့ခေါ်ယူခြင်းမဟုတ်ဘဲ ရှေ့တန်းစစ်မျက်နှာပြင်မှ စွမ်းဆောင်ရည်ကြောင့် ဆုတံဆိပ်ချီးမြှင့်ခံရမည့်အကြောင်းပါ ပြောပြသွားသည့်အတွက် ထိုညအဖို့ စိတ်ချလက်ချ အိပ်ပျော်နိုင်သွားသည်။
နောက်တနေ့ မနက်စာစားပြီး စီနီယာဆီသွားတော့ သူ့အား ပြီးခဲ့သည့် တိုက်ပွဲစွမ်းဆောင်ရည်များအတွက် ရာထူးတဆင့်တိုး၍ သူရဘွဲ့ချီးမြှင့်ခံရသည်။
ထို့နောက် အထူးခန်းသို့ ခေါ်သွားပြီး အထူးစစ်ဆင်ရေးတရပ်အကြောင်း ဆွေးနွေးကြသည်။ စစ်ဆင်ရေးအကြောင်းမပြောခင် ယခုထမ်းဆောင်ရမည့် အထူးစစ်ဆင်ရေးမှာ အသေခံစစ်ဆင်ရေးလိုဖြစ်နေ၍ ငြင်းပယ်နိုင်ကြောင်း ပြောပြသည်။
သူ့ဖက်က အဆင်ပြေပြီ လက်ခံမည် ဆိုသည်နှင့် စစ်ဆရာဝန်များက စိတ်ပိုင်းဆိုင်ရာ သစ္စာသတ္တိသမာဓိရှိမှု ရုပ်ပိုင်းဆိုင်ရာကျန်းမာရေးအခြေအနေများကို စစ်ဆေးမှုပြုလုပ်ကြသည်။ ရလဒ်များက အားရကျေနပ်ဖွယ်ရာအတိဖြစ်နေသည်။
ထို့နောက် စီနီယာက အထူးခန်းသို့ခေါ်၍ စစ်ဆင်ရေးအကြောင်း အကျဥ်းချုပ် ရှင်းပြသည်။
☆ ယခုစစ်ဆင်ရေးက ရန်သူ့တော်လှန်ရေးတပ်ဖွဲ့များ စိုးမိုးထားရာနယ်မြေအတွင်းပိုင်းသို့ တိတ်တဆိတ်ဝင်ရောက်၍ လှုပ်ရှားရမည်ဖြစ်ကြောင်း၊
☆ လက်နက်မပြောနှင့် စစ်သားအသုံးအဆောင်ဟူ၍ မည်သည့်အရာမှ ဆောင်ယူ၍ရမှာမဟုတ်ကြောင်း၊
☆ နောက်လိုက်ရဲဘော်ဆို၍ သူအပါအဝင်မှ ၈ယောက်မျှနှင့်သာ လှုပ်ရှားရမှာဖြစ်ကြောင်း
☆ ယခုစစ်ဆင်ရေးသည် အထူးစစ်ဆင်ရေးဖြစ်သည့်အပြင် လုံခြုံရေးအခြေအနေများကြောင့် စီနီယာဖြစ်သူနှင့်သာ တိုက်ရိုက်ဆက်သွယ်လှုပ်ရှားရမှာဖြစ်ကြောင်း၊
☆ ဒလန်သူလျှိုများ၏ အန္တရာယ်ကို ကာကွယ်ရန်အတွက် မြေပြင်ရှိ အစိုးရတပ်ဖွဲ့များကိုပါ လျှို့ဝှက်ထားရမည်ဖြစ်ကြောင်း၊
☆ အရေးပေါ်လိုအပ်သည့်ပစ္စည်းများကို ဗဟိုစစ်ဌာနချုပ်လေကြောင်းမှလွဲ၍ မည်သည့်အထောက်အပံ့မှ ရနိုင်မှာမဟုတ်ကြောင်း၊
ရှင်းပြသည်။
ထမ်းဆောင်ရမည့်တာဝန်က ရန်သူ့တပ်ဖွဲ့များ၏ တည်နေရာနှင့် လှုပ်ရှားမှုများကို ဗဟိုစစ်ဌာနချုပ်ရုံးရှိ စီနီယာအရာရှိထံ တိုက်ရိုက်သတင်းပေးပို့ရန်ဖြစ်သည်။ ယခုအချိန်တွင် တပ်အတွင်း၌လည်း ဒလန်သူလျှိုများရှိနေ၍ ယခုစစ်ဆင်ရေးကို သိသည့်လူဟူ၍ အထူးကန့်သတ်ထားရသည့်အတွက် မြေပြင်လှုပ်ရှားမည့်အဖွဲ့ဝင်များမှအပ စီနီယာအပါအဝင် နောက်ထပ် အထက်အရာရှိ တဦးသာသိရှိကြောင်း၊
ထိုအရာရှိမှာလည်း အနိမ့်ဆုံးဗိုလ်ချုပ်အဆင့်ဖြစ်ကြောင်းကိုတော့ စီနီယာ မပြောပြလည်း သူရိပ်မိပြီးဖြစ်သည်။ စီနီယာက ဌာနချုပ်မှနေ၍ သူတို့အဖွဲ့အားတိုက်ရိုက် ညွှန်ကြားမည်ဖြစ်ပြီး မြေပြင်တွင်တော့ သူက ခေါင်းဆောင်အဖြစ် အခြေအနေအရ ဆုံးဖြတ်လှုပ်ရှားရမည်ဖြစ်သည်။
စီနီယာ၏ စကားအသွားအလာအရ ယခုစစ်ဆင်ရေးတွင် သူတို့လို တခြားအဖွဲ့များ ရှိနိုင်ကြောင်းကိုလည်း ရိပ်မိလိုက်သည်။ စီနီယာကိုယ်တိုင်လည်း သူ့အထက်လူကြီးက ယုံကြည်စိတ်ချရ၍ အဖွဲ့ဖွဲ့ခိုင်းခြင်းဖြစ်မည်။
ထို့နောက်
ရက်သတ္တပတ် ၁ပတ်ခန့်မျှ စီနီယာနှင့်အတူ လူရွေးချယ်မှု အပြီးသတ်လုပ်လိုက်ကြရသည်။ သူက ပုဂ္ဂိုလ်ရေးယုံကြည်စိတ်ချရသူ အတူတွဲ၍ တိုက်ပွဲဝင်ဖူးသူများကို တင်ပြရပြီး စီနီယာကတော့ သတ်မှတ်ထားသည့်လိုအပ်ချက်များဖြင့် ချိန်ထိုးရွေးချယ်သည်။
ထို့နောက်မှာတော့ စိတ်ကြိုက်အသေခံတပ်သား ၈ယောက်တို့ကို စုစည်းလိုက်နိုင်ကြသည်။
စစ်ဆင်ရေးအကြောင်းကို စီနီယာအပါအဝင် သူတို့၈ယောက်နှင့်သာ တွေ့ဆုံဆွေးနွေးကြရပြီး ကျန်ရှိသည့် လေ့ကျင့်ရေး ဘာသာရပ်ဆိုင်ရ္လေ့လာရေးများကိုတော့ သက်ဆိုင်ရာ ကျွမ်းကျင်အရာရှိများ၏ သင်ကြားပြသမှုမှ သင်ယူရသည်။ ထိုသင်တန်းဆရာအရာရှိများကိုယ်တိုင်လည်း ဒီရဲဘော်တွေကို ဘာလို့ ဒါတွေသင်ပေးနေရတာလဲကို သိဖို့ပင်ထား ရဲဘော်တွေနှင့်ပင် အပိုစကားပြောခွင့်မရှိ ရာထူးသိခွင့်မရှိ။
သူတို့ကိုယ်တိုင်လည်း နှုတ်ကျိုးနေသည့် စစ်တပ်အခေါ်အဝေါ်များကို သတိထား ပယ်ဖြတ်၍ အရပ်သားများကဲ့သို့ ပြောဆိုဆက်ဆံရန် လေ့ကျင့်ရသည်။ သူတို့အတွက်တော့ ဒီလေ့ကျင့်မှုက အခက်ဆုံးပင်ဖြစ်သည်။
တခါတရံ စီနီယာက ညသန်းခေါ်ကျော် အိပ်ပျော်နေသည့်အချိန်တွင် အလစ်အငိုက်ဖမ်း၍ ရုတ်တရက်လာနှိုးပြီး နာမည်ကိုရာထူးတပ်ခေါ်ကာ စမ်းသပ်သည်။ အစပိုင်းတွင် အယောင်ယောင်အမှားမှားဖြင့် ထူးမိသေးသော်လည်း နောက်ဆုံးတွင်တော့ မိမိရာထူးမဆိုနှင့် နာမည်အရင်းကိုခေါ်လျှင်တောင် မသိသည့်လူတယောက်အလား ဖြစ်လာသည်။
၃လကြာမျှ စိတ်ရောကိုယ်ပါလေ့ကျင့်သင်ယူကြရပြီး နာမည်အသစ် လူအသစ်များအဖြစ် စစ်ဆင်ရေးတာဝန်ထမ်းရွတ်ရန် အသင့်ဖြစ်နေကြပြီဖြစ်သည်။