"ဆောင်းဟို...သူက ဘယ်သူလဲ?"
"သူလား? အထက်တန်းဒုတိယနှစ်က ကင်မ်အီဟန်လေ။ စာဂျပိုး"
"ဪ..."
ဂျယ်ဟျွန်းဘဝမှာ ရုပ်ရှင်မင်းသားတွေ၊ အဆိုတော်တွေ၊ idol တွေ အများကြီးကို မြင်ဖူးပေမယ့် သည်လောက် ချောရက်သည့်သူကို အခုမှ မြင်ဖူး၍ မေးလိုက်ခြင်းဖြစ်သည်။ တစ်ကျောင်းတည်း တက်နေသော်လည်း အခုမှ သတိပြုမိခြင်းအတွက် ကိုယ့်ကိုယ်ကို အပြစ်တင်မိသည်။
"ဂျယ်ဟျွန်း! စိတ်တွေ ဘယ်လွင့်နေတာလဲ။ လာ! ရီဝူးတို့ စောင့်နေတော့မှာပဲ။"
ဝယ်ထားသည့် မုန့်ထုပ်များကို ကြည့်ရင်း ဆောင်းဟို ပြောသံကိုကြားမှ သတိပြန်ကပ်မိသည်။
"မင်းအကုန်ဝယ်ပြီးရင် သွားရအောင်လေ။"
နောက်ဆုံးနှစ် တန်းခွဲ ၁ ထဲသို့ မုန့်များကို မနိုင်မနင်း သယ်လာသည့် သူတို့နှစ်ဦးထံမှ ရီဝူးနှင့် ဂွမ်ဟိုတို့မှ မုန့်များ ယူသွားပြီး အတူတူ မျှစားနေရင်း ရီဝူးက
"ဂျယ်ဟျွန်း! မင်းကို ကွန်ပျူတာဆရာမက လာခဲ့ဦးတဲ့။ ဒီတစ်ခေါက် project အတွက် မင်းအကူအညီလိုလို့တဲ့။ အလယ်တန်းတတိယနှစ်က ကလေးတွေကို နည်းနည်းပါးပါး သင်ပြပေးရမှာတဲ့။ မင်းကို ကူဖို့ ဒုတိယနှစ်က ကောင်လေးတစ်ယောက်ကို ခေါ်ထားတယ်တဲ့။ အခုသွားလိုက်ဦး။ ခုနက မင်းတို့မုန့်သွားဝယ်နေတယ်ဆိုပြီး ပြောလိုက်တာ ပြီးရင် လွှတ်လိုက်ဦးနော်တဲ့။"
သူ့ဟာသူ ပြောပြီး ကိုလာသောက်လိုက် ဒိုးနတ်စားလိုက်နှင့် ခေါင်းတဆတ်ဆတ်နှင့် သူ့ကို သွားခိုင်းနေသည့်အတွက် ဂျယ်ဟျွန်းမှာ မုန့်တောင် ပြီးအောင် မစားနိုင်ဘဲ ကွန်ပျူတာခန်းသို့ ခြေဦးလှည့်ရသည်။
~~~~~~~~~~
"ဆရာမ...ကျွန်တော် ရောက်ပါပြီဗျ။"
ကွန်ပျူတာ ဆရာမကို နှုတ်ဆက်အပြီး ဆရာမဘေးနားမှ အနှီလူသားကြောင့် ဂျယ်ဟျွန်း ရပ်တန့်သွားသည်။ သူ ခုနလေးကမှ ကြွေခဲ့သော လူသားလေးဟာ သူ့အရှေ့မှာ သူ့ကို ပြုံးပြနေသည်တဲ့။ သည်နေ့ဟာ ဂျယ်ဟျွန်းအတွက် ရက်ရာဇာများလား။