ကမ္ဗလာချည်ဖြင့်ရက်လုပ်သော ခြေနင်းခုံထက် တင်ထားသောခြေထောက်တို့သည် ဖော့ဖယောင်းလို သွယ်သွယ်လျလျ။
ထိုခြေဖမိုးတို့အပေါ် လက်အုပ်ချီမိုး၍ ရှိခိုးဉီးတိုက်လိုက်ရလျှင် ဒီဘဝလူဖြစ်ရကျိုး နပ်မည်လော..။ ရာဇဝတ်တော်သင့် အပြစ်သားဖြစ်မည်လော။ ခုနစ်ပြည်ထောင်မင်းတို့နှင့် စစ်ခင်းရမည်လော။
သေချာတာတော့ မရဏမင်းကိုကြိုဆိုသူ ဖြစ်ကောင်းဖြစ်မည်မှာမလွဲ။
သွယ်ညွတ်သော လက်ချောင်းလေးများသည် ပန်းပေါင်းဆီတို့၏ အစွမ်းသတ္တိကြောင့် နူးညံ့တင်းရင်းနေသည်။ ထိုလက်ချောင်းလေးများကို နှိပ်နယ်ပေးနေရသောသူသည် စိတ်၏ထွေပြားရှုပ်ထွေးခြင်းအမျိုးမျိုးနှင့် ရင်ဆိုင်နေရသည်။
သူ၏မျက်နှာကို အပေါ်မော့မကြည့်ရဲ။ သူ့ကိုငုံ့မိုးကြည့်နေမည့် အရှင်သခင်သည် သူ့မျက်ဝန်းထဲမှ မူမမှန်သည့်စိတ်သဘောထားကို သိရှိသွားလျှင် ပါးကွက်သားတို့၏ဓားချက်နှင့် ဉီးခေါင်းမြေကျမည်မှာ အချိန်အခါမလွဲ။
မိန်းမလှများကဲ့သို့ ရှိုက်ဖိုကြီးငယ်အသွယ်သွယ်မရှိပါဘဲ ဘာကြောင့်များ အရှင်သခင်အပေါ်သူပြစ်မှားမိနေပါသနည်း..။
လူမက နတ်တမျှလှပခန့်ညားသည့် အဆင်းသဏ္ဍာန်ကြောင့်လား။ သူတကာတို့ထက် သာလွန်ထူးကဲတဲ့ အထိအတွေ့ကောင်းမှုကြောင့်လား။
ဘာကြောင့်ရယ်လို့ ရေရေရာရာမစဉ်းစားတတ်ပေမယ့် အရှင်သခင်အပေါ် တပ်မက်မိသည့် ယောကျာ်းသားသည် သူတစ်ယောက်တည်းမဟုတ်။ ခုနစ်ပြည်ထောင်စစ်ဘုရင်တို့အားလုံးပါဝင်နေသည်။
"ညီလာခံနီးပါပြီ အရှင်.."
"ကောင်းပြီ.."
အထိန်းတော်ကြီး၏ ပင့်လျှောက်မှုကြောင့် အရှင်သခင်သည် လှဲလျောင်းနေရာမှထသည်။ သူသည်လည်း ထိုင်ရာမှထပြီး ညီလာခံတတ်ဖို့ ပြင်ဆင်ပေးရဉီးမည်။
ရှေးဉီးစွာ ကျောပေးမတ်တပ်ရပ်နေသော အရှင့်ကိုယ်ပေါ်မှ အဖြူပါးပါးဝတ်ရုံစကို ချွတ်ချလိုက်သည်။
ဖြူဖွေးနုနယ်သော ကျောပြင်လေးပေါ်လာမည်မှာမလွဲ။ ပန်းပေါင်းဆီရနံ့ သင်းပျံနေသော အောက်ခံဝတ်ရုံအသစ်ကို အရှင်ကိုယ်ပေါ်ဆင်မြန်းပေးလိုက်သည်။
YOU ARE READING
My Rose (One short)