>> Unicode <<
~~~~~~~~~~~~ဩဂတ်စ်နဲ့အဆင်ပြေအောင်နေ။ ဖိတ်ချင်းဖိတ် ကိုယ့်ဘက်ဖိတ်အောင်လုပ်..။
အဖေပြောခဲ့တာကိုပြန်တွေးရင်း လင်းရိပ်မှိုင်တွေနေ၏။ ကောင်တာစားပွဲပေါ်မေးထောက်လျက် ငေးမှိုင်နေတဲ့သူ့ကို အမေလည်းသတိထားမိသည်။ တစ်စုံတစ်ရာမမေးသော်လည်း အရိပ်တကြည့်ကြည့်ရှိနေ၏။ မေးလာလျှင်လည်း လင်းရိပ်ကတော့ ရင်ဖွင့်နိုင်မယ်မထင်။
အခုဆို သူများအရိပ်အောက်မှာနေရတဲ့ဘဝကလည်း ပိုပြီးကျဉ်းကြပ်လာပြီ။ အဲ့ဒီညက ဘာမှမဖြစ်ခဲ့တာကို အကုန်သိနေတဲ့ဩဂတ်စ်နဲ့ ဘယ်လိုနှစ်ပါးသွားရမလဲ။ ဩဂတ်စ်ကလည်း အတော်လေးစိတ်ပျက်နေမှာ။ အင်း.. စိတ်ပျက်နေလည်း သူ့အပြစ်မှမဟုတ်တာ။ အဲ့ဒါထက် ဩဂတ်စ်ဘက်က တစ်ခုခုများလုပ်လာခဲ့ရင် ဘယ်လိုဆက်ဖြစ်သွားမလဲ။ သူ့မှာ လုပ်နိုင်စွမ်းတွေလည်းရှိနေတာပဲ။
" လင်းရိပ် ပြန်ရအောင် "
" ဟုတ်မေမေ ကျွန်တော်လိုက်ပို့ပေးမယ်လေ "
" ရတယ်လင်းရိပ် မေမေကားငှားပြန်မှာ "
မေမေ့စကားကြောင့် သံသာလင်းရိပ်ရဲ့ပြန့်ပြူးနေသောမျက်ခုံးတန်းများက ဆတ်ခနဲ့ကျုံ့သွားသည်။ သူစီးနေတဲ့ကားတစ်စီးလုံး မေမေသုံးဖို့ပေးထားတာမဟုတ်လား။ ဘာကြောင့်များကားငှားပြီးပြန်မလဲလေ။
" ကားကဘယ်ရောက်သွားလို့လဲ မေမေ "
" နင့်အဖေလိုလို့ ခဏလှည့်သုံးထားတယ်၊ လိုင်စင်ရော ကားရော ပေးရမယ်ဆိုလို့တဲ့၊ ဒီရက်ပိုင်းလောက်ပါပဲ "
" ဘာ ? မေမေကလည်း မဟုတ်တာတွေ၊ ကျွန်တော်တောင်မသုံးဘဲ မေမေ့ကိုပေးထားတာလေ "
" မေမေစီးနေကျ စိတ်ချရတဲ့တက္ကစီတွေရှိပါတယ်၊ လာ လာ သွားမယ် အံဆွဲသော့တွေသိမ်း "
ဟိုရက်က သိန်း ၅၀ လောက်လိုတယ်ဆိုပြီး အဖေပြောဖူးသည်။ လင်းရိပ်မရှာပေးနိုင်၍ ကားကိုယူသုံးလိုက်ခြင်းဖြစ်မည်။
ထပ်ပြီးပြောနေမှာကိုသိတော့ မြန်မြန်ဆန်ဆန်ထွက်သွားတဲ့မေမေ့ကြောင့် လင်းရိပ်ကတော့ သက်ပြင်းသာချ၏။ သူ့ဘက်ကပေးဆပ်သမျှက အဖေ့သုံးဖြုန်းဖို့အတွက်ချည်းဖြစ်သွားတာကို လင်းရိပ် တကယ်စိတ်ပျက်နေပြီဖြစ်၏။
