6

3.7K 350 11
                                        

အပိုင်း (၆)

အဝေးကနေ လွင့်မျောလာတဲ့ အမည်းရောင် တိမ်တိုက်တွေက တောက်ပလွန်းတဲ့နေရောင်ကို တဖြည်းဖြည်း အုပ်ကွယ်သွားတယ်၊ အတန်ကြာ လောင်ကျွမ်းထားတဲ့ ညှော်နံ့က လေထုထဲမှာ ရှိနေတုန်းပါ၊ သိပ်မကြာခင်မှာပဲ သည်းသည်းမည်းမည်း ရွာတော့မဲ့မိုးရဲ့ ရှေ့ပြေးဖြစ်တဲ့ လေအေးတွေ အစားထိုးဝင်လာတယ်။

သတင်းစာတိုက် အဆောက်အဦးကိုတော့ ဘေးအန္တရာယ်ကင်းမကင်း ဆက်လက်စစ်ဆေးဖို့အတွက် ယာယီ ပိတ်ထားလိုက်တယ်၊ ဒါကြောင့် ရှောင်းကျန့်က ဝမ်ရိပေါ်နဲ့အတူ အငှားကားစီးပြီး အိမ်ပြန်လိုက်သွားရတယ်၊ ဝမ်ရိပေါ်က သူ့ဆိုင်ကယ်ကို သတင်းစာတိုက်နားက ကားပါကင်တစ်ခုမှာ ရပ်ထားခဲ့တယ်၊ အက်ရာထင်သွားတဲ့ ဆိုင်ကယ်ဦးထုပ်ပဲ သူနဲ့အတူ ပြန်ပါလာတယ်။

နှစ်ယောက်သားက အငှားကားရဲ့နောက်ခုံမှာ ဝင်ထိုင်တယ်၊ အက်နေတဲ့ဦးထုပ်က သူတို့နှစ်ယောက်ကို အလယ်ကနေ ခြားထားတယ်၊ ဦးထုပ်ကိုမြင်တော့ ရှောင်းကျန့်အံ့သြသွားသေးတယ်၊ ဝမ်ရိပေါ်ကတော့ တစ်ချိန်လုံး ပြတင်းပေါက်အပြင်ကို ကြည့်နေတယ်၊ ဘယ်သူမှ စကားမပြောကြဘူး။

သူတို့ကြည့်ရတာ မြုပ်ခါနီးဖြစ်နေတဲ့ လှုပ်လီလှုပ်လဲ့ သင်္ဘောကိုစီးပြီး ရှေ့ဆက်ဖို့ ခက်ခက်ခဲခဲ ကြိုးစားနေကြတာနဲ့ သွားတူနေတယ်။

ဝမ်ရိပေါ် ဆိုင်ကယ်စီးရတာ သဘောကျမှန်း ရှောင်းကျန့်ဘယ်တုန်းက သိခဲ့သလဲ?

အဲဒါက အထက်တန်းနောက်ဆုံးနှစ်၊ ဝမ်ရိပေါ်အိမ်မှာ စီးပွားရေး မပြေလည်မှုတွေ စတင်ခဲ့တဲ့အချိန်က ဖြစ်လောက်မယ်။

အထက်တန်း နောက်ဆုံးနှစ် စာမေးပွဲကြီး အပြီးမှာတော့ အတန်းသားတွေက နှုတ်ဆက်တဲ့အနေနဲ့ ခရီးအတူ ထွက်ကြဖို့ ပြင်ဆင်ကြတယ်၊ သူတို့ထဲမှာ ရှောင်းကျန့်လဲ အပါအဝင်ပဲပေါ့၊ သူမပါခဲ့ရင် အဲဒီခရီးက ပျော်စရာ တစ်ဝက်လောက် လျှော့သွားလိမ့်မယ်၊ အထက်တန်းလဲပြီးပြီဆိုတော့ အကုန်လုံးက ပိုရဲတင်းလာကြပြီ၊ တွဲနေတဲ့ပါတနာရှိရင် အတူခေါ်လာဖို့တောင် ပြောနေကြပြီ။

ကျန်းရိန်က ဘေးခန်းက ဝမ်ရိပေါ်ကိုပါ အတူခေါ်ဖို့ ရှောင်းကျန့်ကို မြှောက်ပေးတယ်၊ ရှောင်းကျန့် ဝမ်ရိပေါ်ကို ကြိုက်နေတာကို အရင်ဆုံး သတိထားမိတဲ့လူက ကျန်းရိန်ပဲ၊ ဒီကောင်က ပုံမှန်ဆိုရင်တော့ အတင်းသိပ်ပြောတယ်၊ ဒါပေမဲ့ ထူးဆန်းစွာပဲ ရှောင်းကျန့်ကိစ္စကိုတော့ နှုတ်လုံလုံနဲ့ ထိန်းသိမ်းပေးခဲ့တာ။

Willful Man & Stubborn Stone [ Willful顽石 ] • COMPLETED •Where stories live. Discover now