"ကျွန်တော်သူ့ကို သဘောမကျဘူး"
စိမ်းညို့ညို့ မျက်ဝန်းတစ်စုံကို သဘောမကျဟန် စိုက်ကြည့်ရင်း ဘဝင်မကျစွာ သူပြောလိုက်သည်။ သူ့စကားကြောင့်ထင် ထိုမျက်ဝန်းတစ်စုံထက် အကြည်ရောင်အရည်တို့ ဝေ့တက်လို့ လွှမ်းခြုံလာခြင်းနှင့်အတူ မဲ့ကျသွားသော နှုတ်ခမ်းပါးတစ်စုံကမူ သူ့အား ထိုထက်ပို၍ပင် သဘောမကျမှုကို ဖြစ်စေသည်။
"ချွဲယောန်ဂျွန်း။ စိတ်ထဲက မပါဘဲ လျှောက်ပြောပြန်ပြီ။ မေမေ အဲလိုတွေ မကြိုက်ဘူးနော်။ ဘောမ်ဂယူလေး။ သားအစ်ကိုစကားကြောင့် ဝမ်းမနည်းရဘူးနော် သား။ သူက အန်တီ့ကို စိတ်ကောက်နေလို့ အဲလိုတွေပြောနေတာ။ သားကို တကယ်သဘောမကျလို့ မဟုတ်ဘူးနော်"
ချွဲဘောမ်ဂယူအမည်ရသည့် ကောင်လေး၏ ဆံပင်တို့ကို ဖိသပ်ပေးရင်း ချော့မြှူပြောဆိုနေသည့် မေမေ့ကြောင့် သူ့စိတ်တို့က အမှန်တကယ်ကို ညစ်ညူးသွားရချေ၏။
သဘောမကျ၍ မကျဘူးပြောမိသည်ကို မေမေက ဘာကိစ္စ အနှီချွဲဘောမ်ဂယူဘက်မှ ရပ်တည်ပေးနေရခြင်းမှန်း သူ မတွေးတတ်တော့။
ပုံမှန်ဆိုလျှင် သူတို့သားအမိဆက်ဆံရေးက ပွင့်ပွင့်လင်းလင်းနှင့် ပေါ့ပါးဖွယ် သူငယ်ချင်းဆက်ဆံရေးမျိုး ဖြစ်နေလေ့ရှိသော်လည်း သည်နေ့တွင်တော့ အမေနှင့်သားဆိုသည်ထက် ပို၍ သူစိမ်းဆန်နေသော အနေအထားမှာ ရှိနေခဲ့သည်။
တကယ်ပဲ သဘောမကျလိုက်တာ။
အသက် ၂၀ အရွယ် သူက သူ့ထက် ၂နှစ်ငယ်သည့် အသက် ၁၈ နှစ်အရွယ် ကောင်လေးတစ်ယောက်ကို သဘောမကျမိခြင်းမျိုးမှာ မည်သို့သော စိတ်ခံစားချက်တို့ ပါဝင်နေနိုင်သည်လဲဆိုသည်ကိုပင် မစဉ်းစားမိပါချေ။
ရုတ်တရက် ရောက်လာသော သူစိမ်းကောင်လေးတစ်ယောက်ကို နွေးထွေးပျူငှာစွာ မကြိုဆိုနိုင်ခြင်းက သူ့အတ္တများ ဖြစ်နေခဲ့လေသလား။
သို့သော်ငြား သူ့အခန်းနှင့်မျက်နှာချင်းဆိုင် အခန်းဆီသို့ ခေါင်းငိုက်စိုက်လျက် ဝင်သွားသည့် ချွဲဘောမ်ဂယူက သူ့မျက်စိထဲတွင်တော့ ကြက်ခြေခတ်ဖြစ်နေသည်မှာ အမှန်ပင်။
![](https://img.wattpad.com/cover/372153284-288-k827760.jpg)