Unicode
ရက်ပေါင်းသုံးရာကျော်ကို သူစိမ်းတစ်ယောက်နဲ့ဖြတ်သန်းခဲ့တဲ့ နေ့စွဲတွေဟာ နုအတွက်ပျော်ရွှင်မှု၊ကြည်နူးမှု၊သာယာမှုတို့နဲ့သာ ပြည့်နှက်နေခဲ့သည်။တစ်နှစ်ဆိုတဲ့အချိန်မှာ တွဲလက်တွေမပြုတ်ခဲ့သလို အချစ်တွေလည်းခိုင်မြဲခဲ့လေသည်။အမျိုးသမီးတစ်ယောက်ရဲ့လက်ကိုတွဲထားနိုင်သည့် တစ်နှစ်ဆိုတဲ့အချိန်ဟာ မြန်ဆန်လွန်းခဲ့သည်။မနက်ခင်းစောစောထကာ ဘုရား၌ ပန်း၊ဆီမီး၊ရေချမ်း၊သစ်သီးတို့ကိုကပ်လှူကာ ဒီအချစ်ခရီးလမ်းသာယာဖို့အတွက် ဆုတောင်းမိလေသည်။မနက်ခင်းကတည်းက ကုသိုလ်ပြုရသည်မို့ စိတ်အစုံဟာ အတော်လေးအေးချမ်းနေသည်။
"မောင် တို့အဆင်သင့်ဖြစ်ပြီနော်"
"ခဏနော်အန်တီ။မောင်လည်းပြီးတော့မှာရယ်"
မောင်သည်အံဆွဲလေးထဲကိုလက်နှိုက်ကာ ဆိုနေလေသည်။နုကတော့ မှန်တင်ခုံရှေ့မှထကာ သွားဖို့ပြင်နေလေသည်။
"အန်တီ လက်လေးခဏပေး"
"ဘာလုပ်မလို့လဲ"
"ပေးပါဆို"
လက်ကလေးကိုအရှေ့ဆန့်ထုတ်ပေးတော့ မောင်သည် ကတ္တီပါဘူးအနီလေးထဲမှ လက်စွပ်ကလေးကိုထုတ်ကာ နုလက်သူကြွယ်မှာဝတ်ပေးလေသည်။မင်္ဂလာလက်စွပ်ရှိနှင့်ပြီးသားမို့ ထိုလက်ချောင်းကလေးမှာပင် လက်စွပ်နှစ်ကွင်းဖြစ်သွားသည်။ခွဲခန်းဝင်ရသည့်အချိန်ဆိုရင်တော့ဒီလက်စွပ်ကလေးဟာနုလက်မှာမရှိနိုင်ပေ။
"သဘောကျလား။မောင့်ရဲ့မင်္ဂလာသက်တမ်း
တစ်နှစ်ပြည့်လက်ဆောင်လေ""မောင့်လက်ဆောင်ပဲသဘောမကျဘဲနေပါ့မလား။ကြည့်ဦးလက်စွပ်ကနှစ်ကွင်းဖြစ်နေတယ်။"
"နှစ်ကွင်းဆိုတော့ပိုလှတာပေါ့။ဒီတိုင်းလေးဝတ်ထားနော်။ဘုရားသွားကြစို့။တော်ကြာနေတအားပူသွားလိမ့်မယ်"
"မောင့်သဘော"
ဒီအပြုံးတွေမှာ အကြိမ်ရေမည်မျှနစ်မြှပ်ရဦးလေမလဲ။ဒီလက်တစ်စုံကို ဆုပ်ကိုင်ထားရတဲ့အခိုက်မှာ
လူတွေရောက်ချင်နေတဲ့နိဗ္ဗာန်ထက်တောင်ပိုအေးမြစေသည်။ရိုးရိုးကလေးပြုံးတာကအစ မောင့်ရင်ထဲ၊အသည်းထဲ စိမ့်ဝင်ကာ အေးချမ်းမှုကိုဖြန့်ကျက်သွားလေသည်။ခြံထဲမှထွက်ခွာလာသည့်ကားဟာ ဘုရားကိုရောက်ဖို့မိနစ်သုံးဆယ်ထက်ပိုမမောင်းခဲ့ရပေ။
![](https://img.wattpad.com/cover/355264836-288-k249336.jpg)