ပင်းပင်းက အဆော့မက်တဲ့ကြောင်လေးတစ်ကောင်ပါ။ ငြိမ်ငြိမ်လေးနေရတာကို မကြိုက်ဘူး။ တစ်နေကုန် အပြင်ထွက်လည်၊ သူငယ်ချင်းတွေအများကြီးနဲ့ လမ်းပေါ်မှာ လူးလှိမ့်ပြီး ဆော့ရတာကို အရမ်းကြိုက်တယ်။ တစ်ရပ်ကွက်လုံး ဗြောင်းဆန်အောင် ပတ်ဆော့လို့ဝမှ အိမ်ပြန်နေကျ။ ပတ်ဝန်းကျင်တစ်ခုလုံး ရွှေရောင်သမ်းနေတဲ့ညနေစောင်းချိန်တွေက ပင်းပင်းရဲ့ပုံမှန်အိမ်ပြန်ချိန်တွေပါ။
ဒီနေ့လည်း ပင်းပင်း အိမ််ပြန်လာပါပြီ။ နေ့လယ်ဘက် အိမ်ခဏပြန်တုန်းက မာမားက ညနေစာကို ပင်းပင်းကြိုက်တဲ့ငါးကြော် ကြော်ထားမယ်ဆိုလို့ ခြေလှမ်းတွေအရမ်းသွက်နေတယ်။ အခုချိန်လောက်ဆို ငါးကြော်မွှေးမွှေးလေးက စားပွဲပေါ်မှာ ပင်းပင်းကို အသင့်စောင့်နေလောက်ပြီလေ။ဒါပေမယ့် ရုတ်တရက် ပင်းပင်း ခြေလှမ်းတွေရပ်သွားတယ်။
တစ်လမ်းလုံး မျက်စိထဲမြင်လာတဲ့ မာမားရဲ့ငါးကြော်ကြွပ်ကြွပ်ရွရွလေးနေရာမှာ မျက်စောင်းထိုးခြံထဲက မြင်ကွင်းလေးက နေရာယူသွားတယ်။ မြက်ခင်းစိမ်းစိမ်းပေါ်မှာ ဆော့နေတဲ့ကြောင်ဖြူလေး။ မဟုတ်သေးဘူး .. အဖြူစွတ်စွတ်မှာ အညိုနုနုလေးရောနေသေးတာ။ မျက်လုံးလေးတွေက ပြာလဲ့နေရော ...