လပတ်စာမေးပွဲနီးလာလေ တိုမီအိုခါ မာအီ တစ်ယောက် အလုပ်ရှုပ်လာလေပါပဲ။ အချိန်ပိုင်းဆရာမလို့သာပြောတယ်။ ကျောင်းသားတွေရဲ့ ကျောင်းခေါ်ချိန်ပြုစုရတာလည်း မာအီ ၊ ကျောင်းသန့်ရှင်းရေးနဲ့ပတ်သက်ပြီး အဖွဲ့တွေဖွဲ့ပေး သူတို့လုပ်ပြီးသမျှ လိုက်စစ်ရတာလည်း မာအီ ၊ ဒီကြားထဲ ဆရာတစ်ယောက်က ကျန်းမာရေးအရခွင့်ယူထားလို့ သူ့အတန်းရဲ့ နာမည်စာရင်းခေါ်ရင်လည်း မာအီ ၊ အခုလိုစာမေးပွဲနီးတဲ့ကာလဆို သက်ဆိုင်ရာဘာသာရပ်ရဲ့ မေးခွန်းကိုလည်း မထပ်အောင် ထုတ်ရသေးသည်။ အမှတ်ပေးစည်းမျဥ်းကိုလည်းမျှတအောင် ဆွဲရပြန်သည်။
အချိန်ပိုင်းဆရာမဆိုတဲ့ နာမည်ခံကသက်သက် လုပ်ရသည်များက အတန်းပိုင်တစ်ယောက်လိုပင်ဖြစ်နေသည်။ နောက်ဝင်မယ့်အတန်းချိန်မရောက်ခင် အကြောဆန့်ရင်း မနက်ထဲကဝင်လာသည့် အေးစက်နေပြီဖြစ်သော ကော်ဖီတစ်ခွက်အား စိမ်ပြေနပြေထိုင်သောက်နေမိသည်။
ရုတ်တရက်မြည်လာသည့်ဖုန်းသံကြောင့် စိတ်ပျက်လက်ပျက်နှင့် အိတ်ကပ်ထဲကဖုန်းကိုထုတ်ကာ စိတ်ထဲလည်း ကျောင်းအုပ်ကြီး ဘာခေါ်ခိုင်းဦးမလဲ ဆိုတာကို တွေးမိပြီး စိတ်ရှုပ်ရသည်။
'ရူ' ဆိုသည့် နာမည်ကြောင့် ဘာမှထွေထွေထူးထူးတွေးမနေတော့ဘဲ အမြန်ကိုင်လိုက်ကာ-
"ဟယ်လို ရူ- "
"အစ်မ...
ရူ ဟိုတစ်ယောက်နဲ့ပြတ်သွားပြီ"
မာအီ စကားမဆုံးသေးခင်မှာထွက်ပေါ်လာသည့် ရူ ၏စကားသံ။
ဒီလိုဖြစ်မယ်ဆိုတာ ကြိုသိနေခဲ့သည့်အလား တုန်လှုပ်ခြင်းလည်းမရှိ အံ့ဩခြင်းလည်းတစိုးတစိမျှရှိမနေခဲ့။
ပျော်သလားဆိုတော့လည်း မဟုတ်ပြန်။
"အစ်မ အခု အတန်းဝင်ရတော့မှာမို့လို့
ညနေ ပြန်မှပဲ အေးဆေးတွေ့ကြတာပေါ့""ဟုတ်ပြီ အစ်မ
ရူ အစ်မအိမ်မှာစောင့်နေမယ်"
ပြောပြီးသည်နှင့် ဖုန်းချသွားသည့် ရူဆာရန်းဆိုသည့် ကလေးငယ်။
အရင်ကလို သူပြောတာကိုပြီးအောင် နားမထောင်မချင်း ဂျစ်တိုက်တတ်သည့် မာအီရဲ့ ရူ မဟုတ်တော့။