နတ်ဘုရားနှင့်ကျွန်မ (အပိုင်း ၄) (ခ)

2 0 0
                                    

ထိုနေ့က မစ္စတာမွန်ဂါမီမှ ကျွန်မအားအိမ်သို့ပြန်ပို့ပေးပြီးသည်နှင့် ကျွန်မသည် အိမ်တွင်ညစာပြင်ရသည်။ ကျွန်မသည် အလုပ်လုပ်နေသူများကို အားနာ၍ သူတို့လာလျှင်အဆင်သင့်ဖြစ်စေရန် ညစာကိုပြင်ထားခြင်းဖြစ်သည်။ ၎င်းညစာမှာ ပေါင်မုန့်နှင့် စတူးဟင်းချိုသာဖြစ်သည်။ မုန့်ဖုတ်ရန် ဂျုံနှင့်တစေးအနည်းငယ်ကို မနက်ကပင် နယ်ထားပြီးဖြစ်ရာ သံခွက်ကလေးနှစ်ခုတွင်ထည့်၍ မီးဖိုပေါ်မှတန်းတွင်ချိတ်ထားလိုက်သည်။ ဤတွင်ကျွန်မ၏ပြီးစလွယ် ပေါင်မုန့်နှစ်လုံးပြီးလေပြီ။

ထို့နောက်တွင် ဟင်းချိုဘက်သွားရသည်။ ပထမတွင် မုန်လာဥနီသုံးချောင်းခန့်ကိုလှီးသည်။ နောက်တွင် ဝက်ပေါင်ချောက်၊ ကြက်သွန်ဥကြီးနှင့် တရုတ်နံနံအရိုးကိုလှီးဖြတ်ထားသည်။ ကျွန်မသုံးသော အသီးအရွက်များတွင် အပုပ်များနှင့်အနာများပါရာ အလွန်ဆိုးလျှင်လှီးဖြတ်ပစ်ပြီး အနည်းငယ်ကိုတော့ဟင်းအိုးထဲ ဆီသတ်ရာတွင်ထည့်သည်။ ဟင်းအိုးထဲတွင်ထောပတ်အနည်းငယ်နှင့် ကြက်သွန်ကို ဆီသတ်ပြီးနောက် စောနင်ကလှီးဖြတ်ထားသော အရာမှန်သမျှကိုပစ်ထည့်၍ ဆား၊ငရုတ်ကောင်းအနည်းငယ်ဖြူးပြီး ရေအပြည့်ထည့်ကာ မီးဖိုထဲတွင်ထားခဲ့တော့သည်။ ဤတွင်ညစာ ဟင်းအစုံရလေပြီ။ ကျက်လျှင်အိုးကိုစားပွဲအလယ်တွင်ထားထားသည်။ မကြာမီသူတို့လာတော့မည်။

ကျွန်မသည်အခြားသူများမလာခင် အဘိဓာန်တစ်အုပ်ကိုဖတ်ရင်း ယနေ့အဖြစ်အပျက်တို့ကိုပြန်လည်တွေးတောခဲ့သည်။ သခင်၏မူလအကြံမှာ ဆိုင်တွင်ဝင်စားရင်း နတ်ဆိုးတို့နှင့်ပါတ်သက်မှုအား စုံစမ်းရန်သာဖြစ်ရာ ကျွန်မသည် သခင်တားသည့်ကြားကပင် မရရအောင် လိုက်လာခြင်းဖြစ်သည်။

သို့သော်၎င်းဆိုင်ရှင်များမှာ ကျွန်မတို့စားမည့်ခွက်ထဲအဆိပ်ထည့်ထားပြီး ကျွန်မတို့ပစ္စည်းများကို ယူရန်ကြံစည်သောအကြောင်းကြောင့် သခင်လည်းအမျက်ထွက်ကာ သောင်းကြမ်းခြင်းဖြစ်သည်။ ကျွန်မသည် သခင်၏တိုက်ခိုက်ပုံများကို ယခင်ကမြင်ဖူး၍သိပ်တော့မကြောက်လန့်ခဲ့ပေ။ သို့သော် ရုတ်တရက် ဒူးခေါင်းအား ခက်ရင်းဖြင့်ထိုးသည့်အကွက်ကိုတော့ လန့်မိခဲ့သည်။ သခင်ဗစ်သူရာဤမျှဒေါသထွက်သည်ကို ယခင်ကမမြင်ဖူးခဲ့ဘူးပေ။ ထိုဆိုင်ရှင်တို့သတ်ဖြတ်ခြင်းခံရသူတို့အတွက် ကရုဏာသက်ကာ ဖြစ်သော အမျက်ဟုကျွန်မထင်မိပါသည်။

နတ်ဘုရားနှင့်ကျွန်မ (The god and I)Where stories live. Discover now