အပိုင်း ၁၉
"အားလုံး နောက်ဆုတ်ကြ။"
တပ်သားများ လေးတို့ကို ဖယ်လိုက်သည့် အခိုက်အတန့်တွင် ခါဆယ်ရ်က လှုပ်ရှားခဲ့သည်။ သူက လျင်မြန်စွာ အရှေ့တက်လာကာ လာ့ခ်၏ ကိုယ်ထည်ကို တိုက်ခိုက်လိုက်၏။ လာ့ခ်အား ပတ်ပတ်လည်ဝန်းရံထားသည် အကာအကွယ်ဒိုင်းမှာ ချက်ချင်းပင် ကျိုးပေါက်သွားခဲ့သည်။
ကိုယ့်အန္တရာယ်ကိုယ် အာရုံရလိုက်သည်တွင် မြားများပစ်ခတ်တိုက်ခိုက်နေသည့်အလယ်မှာတောင် အေးအေးလူလူရှိနေခဲ့သည့် လာ့ခ်လည်း ပို၍ရန်မူလာတော့သည်။ သူက ပါးစပ်ကိုအကျယ်ကြီးဟကာ လက်မောင်းလောက်ရှိသည့် အစွယ်များကို ထုတ်ပြပြီး ခါဆယ်ရ်အား တိုက်ခိုက်ခဲ့၏။
ခါဆယ်ရ် လာ့ခ်အား စိုက်ကြည့်လိုက်ချိန်တွင် သူ၏ မျက်လုံးထဲ၌ အပြာရောင်စွမ်းအားက ဝေ့ဝဲလာကာ ထို့နောက်တွင် ဒေါင်လိုက်အနေအထား ပြန့်ထွက်သွား၏။ သူ့ကိုယ်တွင်းမှ ပရာ့ဂ်ျက ရုပ်လုံးထွက်ပြလာတော့သည်။ အပြာရောင် မြူခိုးငွေ့များ သူ၏ ခန္ဓာကိုယ်ပတ်လည်တွင် မြင့်တက်လာကာ အမြီးပိုင်းမှစ၍ အကြေးကွက်များ ပေါ်လာခဲ့သည်။
မြွေ၏ အသွင်သဏ္ဍာန်အဖြစ်သို့ ပြောင်းသွားသည့် ပရာ့ဂ်ျက ထိုအတိုင်းပင် လာ့ခ်၏ ဦးခေါင်းအား ထိုးဖောက်ခဲ့၏။ လာ့ခ်၏ မြွေခေါင်းကား ဖောင်းဟူသောအသံကြီးဖြင့် ပေါက်ထွက်သွားတော့သည်။ အသားစများရောနေသည့် စေးကပ်ကပ်အရည်များက အရပ်မျက်နှာအနှံ့ ပျံ့နှံ့ကာ စင်ကုန်လေ၏။
ခါဆယ်ရ်က တစ်စစီပေါက်ကွဲသွားသည့် မြွေ၏ဦးခေါင်းကို ဓားဖြင့်ပိုင်းဖြတ်ကာ လွှင့်ပစ်လိုက်သည်။ သူ၏ဓားသွားတွင် ရောထားသည့် ပရာ့ဂ်ျ၏ စွမ်းအားက ပြန်လည်အသစ်ဖြစ်နှုန်းကို နှေးကွေးသွားအောင် စွမ်းဆောင်ပေးပေလိမ့်မည်။
ဦးခေါင်းကိုဖြတ်ပြီး နှလုံးကို ဓားနှင့်ထိုးရုံဖြင့် လာ့ခ်က မသေနိုင်ပေ။ သူ၏ လှုပ်ရှားမှုကို တဒင်္ဂ နှေးသွားအောင်သာ လုပ်နိုင်ပေမည်။
ဗဟိုချက်ကို ဖျက်ဆီးရမည်ဖြစ်သော်လည်း ဗဟိုချက်၏ တည်နေရာကား ပုံသေကားကျမရှိ။ သေးလည်းသေးငယ်ပေသည်။ ကြုံရာကျပန်း တိုက်ခိုက်ခြင်းဖြင့် ဗဟိုချက်ကို ဖျက်ဆီးနိုင်ခြေက အင်မတန်နည်းသောကြောင့် တစ်ကိုယ်လုံး အပိုင်းပိုင်း ခုတ်ဖြတ်ပစ်ခြင်းဖြင့်သာ လာ့ခ်ကို သတ်နိုင်လိမ့်မည်ဟု လူအများက တွေးထားခဲ့ကြသည်။
![](https://img.wattpad.com/cover/361948787-288-k281668.jpg)
YOU ARE READING
နောက်ဆုံးခရီး နိဋ္ဌိတံသော်
Romance🚨🚨🚨 သတိပေးချက် - ဒီဝတ္ထုမှာ အရွယ်မရောက်သေးသူတွေ ဖတ်ရှုဖို့မသင့်တော်တဲ့ အကြောင်းအရာတွေ ပါဝင်မှာဖြစ်ပါတယ်။ [ကိုယ်တိုင်ရေးမဟုတ်။ အပျော်တမ်း ဘာသာပြန်ဆိုရုံသာ။ မူရင်းဖန်တီးသူအား အပြည့်အဝ ခရက်ဒစ် ပေးပါသည်။]