'Longing My Souvenir'
အလုပ်ဆိုတဲ့အတိုင်း လှုပ်ရှားမှုတွေနဲ့ပြည့်နှက်နေတဲ့ဒီနေရာက ဝမ်ရိပေါ်မပါရင်တောင်အသက်ဝင်နေတုန်း။
လူနေထူထပ်တဲ့အလျောက် စက်သံလူသံတွေနဲ့ဆူညံပွက်လောရိုက်နေပေမဲ့ သွားနေတဲ့ရက်တွေကမပျက်ကွက်တတ်။ ပျက်ကွက်ခြင်းမရှိတဲ့နေ့ရက်တွေကသက်တမ်းဖြစ်လာတဲ့အခါ သက်တမ်းတွေကအကျင့်ဖြစ်လာပါတယ်။
ဒီအခါ ၈နှစ်တာနေသားကျခြင်းအရ လက်ချောင်းကလေးများကိုကီးဘုတ်ပေါ်ပြေးလွှားရင်း ကော်ဖီခွက်ကလေးကိုနှုတ်ခမ်းဝတေ့ပြီး ခပ်ခါးခါးအရသာကိုမြည်းစမ်းနေရရုံနဲ့တင် ဝမ်ရိပေါ်ကကျန်အရာအားလုံးကိုလျစ်လျူရှုတတ်လာတယ်။
သူကတသီးတသန့်နေတယ်ရယ်လို့မဟုတ်ပေမဲ့ တစ်ယောက်တည်းဆိုတဲ့ဘဝကိုကျင့်သားရနေတဲ့လူတစ်ယောက်။
ကိုယ့်အလုပ်ကိုယ်ပြီးအောင်လုပ်မယ် ပြီးသွားရင်နောက်တစ်ခုလုပ်မယ် သံပတ်ပေးထားသလိုမျိုးပဲ။
ဒါကနိစ္စဓူဝ ... ဒါကရိပေါ်ရဲ့ဘဝဆိုတာပဲ။
အရာအားလုံးက ပုံသေလို့မဆိုသာရုံတစ်ပတ်ရစ်တိတ်တခွေလိုမျိုး။ အထစ်အငေါ့တွေရှိတတ်ပေမဲ့ ဆက်သွားနိုင်ရင်တော့ အချိန်တန်ရင်အပိုင်းဟောင်းတွေဆီပြန်ရောက်သွားတတ်တယ်။
သေချာတယ်...သိပ်ကိုညည်းငွေ့စရာကောင်းပါတယ်။ ဒါပေမဲ့သူများကိုဖြည့်ဆည်းရင်းကိုယ်တိုင်ပြည့်စုံဖို့မအားနိုင်တဲ့သူဖြစ်နေတဲ့အတွက် ဝမ်ရိပေါ်ဆိုတဲ့သူကိုယ်တိုင်က ဒါလေးနဲ့ပဲကျေနပ်နေခဲ့ရပါတယ်။
"ကျစ် ကျစ် ကျစ်...၈နှစ်တာလုပ်သက်ကထွက်လာတဲ့အတွေ့အကြုံဆိုတာ ဒါပဲလား"
"..."
"ငါ့ရှစ်တန်းသားကမှမင်းထက်ရေးနိုင်ဦးမယ်ဝမ်ရိပေါ်...အရင်တုန်းကမင်းရဲ့အရည်အချင်းတွေဘယ်ရောက်ကုန်တာလဲ ဟမ် အမြဲတမ်းဝန်ထမ်းဟောင်းတစ်ယောက်ဖြစ်နေပြီပဲဆိုပြီးအချောင်ခိုနေတာလား ညီအစ်ကိုတွေဆိုပြီးငါကလျော့ပေးမယ်လို့ထင်လား ဟမ်!"
