အပိုင်း(၂)

19 3 2
                                    

Unicode

Adrinပြည်ထောင်စု အဓိကမြို့တော် Fraile အတွင်းသို့ မဝင်ရောက်ခင် Wilနှင့်Vanladiသည် ကိုယ်ရေးကိုယ်တာ အချက်အလက်အားလုံးကို ပြောင်းလဲလိုက်၏။ အရှင့်သားVanladiကို Adrinariaကျောင်းတော်ကြီးတွင် ထူးချွန်ကျောင်းပြောင်းကျောင်းသားအဖြစ် သွင်းပေးခဲ့ကာ သူကတော့ အခုမှရာထူးတိုးလာခဲ့သော ဗိုလ်မှူးတစ်ဦးအဖြစ် Edricတိုင်းပြည်က အချက်အလက်တွေကိုပြောင်းလဲပေးထားခဲ့သည်။ ထို့အပြင် သူတို့နှင့်အတူ စစ်ဆင်ရေးကိုဆောင်ရွက်ရမည့် သုံးယောက်မြောက်အဖော်က အခုထိရောက်မလာသေးပေ။

သို့သော်တစ်ပတ်ကြာပြီးနောက် ထိုအမည်မသိသုံးယောက်မြောက်အဖော်ဆီက လျှို့ဝှက်စာတစ်ခုကိုလက်ခံရရှိခဲ့သည်။ ယနေ့ညသန်းခေါင်ယံ Adrinပြည်ထောင်စု အကြီးမားဆုံးလောင်းကစားရုံ၏ အနောက်ဘက်တွင် လာတွေ့ရန်။

ကျောင်းအဆောင်မသတ်မှတ်ရသေး၍ မိမိနေထိုင်ရာအိမ်သို့ရောက်ရှိနေပါသော Vanladiသည် ထိုလျှို့ဝှက်စာကို ဟိုလှန်ဒီလှန်နှင့် ဘာကိုစစ်ဆေးနေသလဲတော့မပြောတတ်။

"ဒီညသွားမလို့လား"

"သွားပြီးအတည်ပြုကြည့်ရမှာပေါ့ တကယ်လို့ ကျွန်တော်တို့ရဲ့အဖော်ဆိုရင် သူ့ကိုခေါ်လာခဲ့ပါမယ် မဟုတ်ဘူးဆိုရင်တော့ အပြီးပြတ်ကိစ္စရှင်းလိုက်ပါ့မယ်"

"ကျွန်တော်လိုက်ခဲ့မယ်"

....ဒီစကားထွက်လာမယ်ဆိုတာကြိုသိသားပဲ....

Wilသည် မသိမသာ သူ့ရဲ့မျက်ရိုးကိုနှိပ်လိုက်ရင်း စိတ်ထဲကမပါသောအပြုံးကြီး ထုတ်ပြုံးပြလိုက်ရ၏။

"အန္တရာယ်များတယ်"

"ဒါပေမဲ့ ကျွန်တော်..."

"တိုင်းပြည်ရဲ့နှလုံးသားဖြစ်တဲ့ အရှင့်သားကို ကျွန်တော်မကာကွယ်နိုင်ခဲ့ရင် နောက်ထပ်သားတစ်ယောက် အလျော်မပေးနိုင်ဘူးလေ"

Vanladiသည်စိတ်မကျေမနပ်နှင့် သူ့ရဲ့အပြာရောင်နုနု ဆံနွယ်များကို ရှုပ်ဖွလိုက်သည်။

"Wil ကျွန်တော့်ကိုလိုက်ခွင့်မပေးလည်း ကျွန်တော်လိုက်မှာပဲ"

"ဒါ..."

"ခမည်းတော်က လေ့လာချင်တာမှန်သမျှ လေ့လာလို့ရတယ်လို့ ကျွန်တော့်ကိုပြောထားတယ်"

Willow Tree and Red RibbonWhere stories live. Discover now