တော်တော်ကြာခဲ့ပါပြီ။ ကျွန်တော့်အသက်ဆယ်နှစ်လောက်တုန်းကပေါ့ ပထမဆုံးအကြိမ် ကျွန်တော်တစ်ယောက်တည်း အိမ်မှာကျန်ခဲ့တဲ့နေ့။
အဖေနဲ့အမေက ကိစ္စတစ်ခုနဲ့ အပြင်ကို သွားကြတာပေါ့။ ည ၁၀ နာရီလောက်မှ ပြန်ရောက်မယ်ဆိုပြီး ကျွန်တော့်ကိုပြောခဲ့တယ်။ ကလေးသဘာဝ ပျော်တာပေါ့။ အိမ်မှာလူကြီးတွေမရှိရင် ကျွန်တော်တို့ ကလေးတွေအတွက် လွတ်လပ်းရေးရတာနဲ့ အတူတူဘဲလေ။
ကျွန်တော်အပြင်မှာ ဘော်ဒါတွေနဲ့ စည်းလွတ်ဝါးလွတ်ကို ဆော့လိုက်တယ်။ ဆော့လို့လည်းမောကော အိမ်ပြန်ရေမိုးချိုးပြီးအမေပြင်ပေးထားခဲ့တဲ့ထမင်းစားပြီး တန်းအိပ်ပလိုက်တာဘဲ။
တစ်ရေးနိုးလာတော့ ညနေ (၆:၅၆) လောက်ရှိပြီ။ အဲ့ဒါနဲ့ဘဲ ကျွန်တော် ဘာလုပ်ရကောင်းမလည်း စဉ်းစားရင်းနဲ့ ဟိုဟိုဒီဒီကြည့်လိုက်တော့ ကျွန်တော့်အကြိုက်ဆုံး သရဲကား တွေ့တော့တာဘဲ။ ကျွန်တော်လည်း စက်ထဲကို အခွေထည့် စားစရာတွေဘာတွေယူပြီး TV ရှေ့ထိုင်ချလိုက်တာပေါ့။ တစ်ခုပြောရဦးမယ် ကျွန်တော်က သရဲကားကြည့်ရင် မီးတော့အမြဲဖွင့်ထားတယ်။ အဲ့ဒါဆို ကျွန်တော်လုံးဝမကြောက်ဘူး။
အချိန်က ည (၇:၄၆) အပြင်မှာ မိုးတွေအရမ်းရွာနေတယ်။ ကျွန်တော် သရဲကား ကြည့်ရင်းနဲ့ ဗြုန်းကနဲဆို မီးပျက်သွားတယ်။ မိုးတွေလည်း အရမ်းချိန်းတယ်။ ကျွန်တော်ကအမှောင်ကြောက်တော့ ကျွန်တော် တော်တော် လန့်ဖျန့်သွားတယ်။ ဒီလိုနဲ့ ဘေးနားရှိတဲ့ ဓာတ်မီးကိုလိုက်စမ်းပြီး တွေ့တော့ လက်နှိပ်ဓာတ်မီးနဲ့ တစ်ချိုးတည်း ဧည့်ခန်းကို ပြေးပါလေရာ။
ဧည့်ခန်းကဆိုဖာပေါ် အပြေးတက်ပြီး ခေါင်းအုံးကို မျက်နှာနဲ့အပ်ထားလိုက်တာပေါ့။ အမှောင်ကြောက်တဲ့ ကျွန်တော် အိပ်ဖို့ကြိုးစားပေမဲ့ ညနေကအိပ်ထားတဲ့အရှိန်နဲ့ကြောက်စိတ်ကြောင့် ကျွန်တော် အိပ်မပျော်ခဲ့ဘူး။ ဘာကြောင့်မှန်းမသိ ကျွန်တော့်ကို တစ်ခုခုက စိုက်ပြီးတော့ကြည့်နေသလို စိတ်ထဲခံစားလာရတယ်။ ကျွန်တော် ကြက်သီးမွေးညှင်းတွေထနေပေမယ့် ကျွန်တော်အဲ့ဒီအရာကို ကြည့်ချင်ဇောတွေ အရမ်းများနေတယ်။
ဒီလိုနဲ့ ခေါင်းအုံးကိုအသာလေး ဖယ်ပြီး ကြည့်လိုက်တော့ အရိပ်ကြီးတစ်ခု။ ကျွန်တော့်အရိပ်လည်း မဟုတ်ဘူး။ ယောကျာ်းကြီးတစ်ယောက် အမှောင်ထဲမတ်တပ်ရပ်နေသလိုဘဲ။ ကြည့်နေရင်းနဲ့ အဲ့ဒီအရိပ်ကြီးက အရှည်ကြီးဖြစ်လာတယ်။ ကျွန်တော့်ရင်ဘက်ကြီးတစ်ခုလုံးပေါက်ထွက်သွားအောင် နှလုံးခုန်သံတွေက အရမ်းမြန်နေတယ်။
ခေါင်းအုံးနဲ့ ကျွန်တော့်မျက်နှာကို ပြန်ကပ်လိုက်တယ်။ အပြင်မှာမိုးတွေရွာနေပေမဲ့ အရာအားလုံးကတိတ်ဆိတ်ငြိမ်သက်နေတယ်။
“ရှပ်...ရှပ်...ရှပ်...ရှပ်”
တစ်လှမ်းချင်း... တစ်လှမ်းချင်း လှမ်းလာတဲ့ ခြေသံကို ကျွန်တော် ကြားနေရတယ်။ ခြေသံတွေဟာ ကျွန်တော်ရှိတဲ့ ဆိုဖာတွေဆီကို ဦးတည်နေတာကို ကျွန်တော့်ရဲ့ မသိစိတ်ကနေ သိနေတယ်။ အဲ့ဒီအချိန် ခြေသံတွေ ရပ်သွားတယ်။ ဘာဆက်ဖြစ်မလည်း ကျွန်တော် တွေးနေတုန်းမှာဘဲ...
“ သွား... ”
ဆိုပြီး ဆိုးဝါးကျယ်လောင်တဲ့ အသံနက်ကြီးနဲ့အတူ ကျွန်တော့်ရဲ့လက်မောင်းကို အေးစက်စက်အရာကြီးတစ်ခုက လာကိုင်လိုက်သလိုခံစားလိုက်ရတယ်။ ရှိသမျှ အားတွေအကုန်စုပြီး ကျွန်တော် တစ်ချိုးတည်း ထပြေးတော့တာဘဲ။ ကျွန်တော့်အနောက်မှာတော့ ထိုအရိပ်ကြီးဟာ ကျယ်လောင်စွာရီပြီး ကျန်ခဲ့ပါတယ်...
ကျွန်တော် အနီးနားက အိမ်ထဲကိုပြေးဝင်ပြီး အဲ့ဒီက လူကြီးတွေကို အကူအညီတောင်းရတာပေါ့။ ဒါနဲ့ လူကြီးတွေလည်း ရရာလက်နက်တွေဘာတွေစုပြီး ကျွန်တော်တို့အိမ်ထဲကို လိုက်ကြည့်ပေးတာပေါ့။ ဒါပေမဲ့ အရာအားလုံးဟာ လုံးဝတိတ်ဆိတ်ပြီး အားလုံးဟာ နေသားတကျပြန်ဖြစ်နေပါတယ်။ ဘာမှမရှိတဲ့အတွက် ကျွန်တော့်ကိုစိတ်မပူဖို့မှာရင်း ကျွန်တော့်မိဘတွေ ပြန်လာမယ့်အချိန်ကို စောင့်ပေးကြတာပေါ့။ ထိုအချိန် အဖေနဲ့အမေပြန်ရောက်လာခဲ့တယ်။ အိမ်မှာ လူတွေအများကြီးရောက်နေတာကြောင့် ကျွန်တော့်ကို သူတို့စိတ်ပူပြီး အပြေးဝင်ခဲ့ပေမယ့် ကျွန်တော်ကတော့ သူတို့တွေကို တော်တော်စိတ်ဆိုးခဲ့ပါတယ်။
ထိုနေ့ဟာ ကျွန်တော့်အတွက် သရဲတကယ်ရှိတယ်ဆိုတာကို နဖူးတွေ့ဒူးတွေ့ ကြုံခဲ့ရတဲ့နေ့ထဲက တစ်နေ့ ...
နောက်ထပ်ဖြစ်ရပ်မှန်များနှင့် ပရလောကအကြောင်း များကို ထပ်မံ၍ ရေးသားတင်ဆက်ပေဦးမည် ...
ပြီး...
YOU ARE READING
အိမ်မှာတစ်ယောက်တည်းရှိစဉ်တုန်းက ( Completed)
Horrorသရဲဝတ္ထုတိုများ ဖြစ်ရပ်မှန် သရဲဇာတ်လမ်းဝတ္ထုတိုများကို တင်ပေးသွားပါမည်။