ဩဂုတ်လရဲ့ အဝါရောင်တမ်းချင်း

12.1K 1.4K 634
                                    

(၁)

ဩဂုတ်လအစမှာ...

မိုးရာသီဖြစ်၍ မနက်ခင်းပင်ဖြစ်လင့်ကစား နေရောင်က မြင်ရဖို့ ခက်ခဲလှ၏။ ပြတင်းပေါက်ပေါ်က မိုးစက်တွေက သူ့အတွက်တော့ ပန်းချီကားတစ်ချပ်လိုပင်။ အခန်းတွင်းကနေ ဖွဲဖွဲလေးသာ ရွာနေသည့် မိုးစက်သံတွေကို အတိအလင်း မကြားနိုင်သည့်တိုင် ခပ်ရေးရေးလေး ခန့်မှန်း၍တော့ရနေသည်ပင်။ အိပ်ခန်းအတွင်း၌ ခပ်တိုးတိုး ပျံ့လွင့်လို့နေသည့် Taylor Swift ၏ 'August' သီချင်းသံက တိုက်တိုက်ဆိုင်ဆိုင် ကျဘမ်းပွင့်နေသည့် သီချင်းတစ်ပုဒ်။

ပတ်ဝန်းကျင်ကို သေချာကြည့်ချင်လှသည့်တိုင် ပြတင်းပေါက်တွင် ကန့်လန့်လာခံနေသည့် ငုဝါပင်ကြောင့် ရှင်းလင်းစွာ မမြင်နိုင်ချေ။ ထိုအခိုက် အောက်သို့ ငုံ့ကြည့်စဉ် မှန်ချပ်နှစ်ချပ်အကာအရံကြားမှ မြင်ကွင်းထဲသို့ တစ်လိမ့်ချင်းဝင်ရောက်လာသည့် အိမ်စီးကား အဖြူလေး။ ကားပေါ်တီကို သက်သက်မရှိသည့်အတွက် ကားပေါ်မှ ဆင်းလာသည့် လူလေးယောက်တွင် မျက်နှာစိမ်းလူတစ်ယောက်မှ လွဲလျှင် ကျန်သည့် လူသုံးယောက်မှာ ခေါင်းကို လက်ဖြင့်အသည်းအသန် ကာ၍ အိမ်တွင်းသို့ ပြေးဝင်သွားတာကို လှမ်းမြင်နေရလေသည်။ မျက်နှာစိမ်းနှင့် လူမှာတော့ အိမ်ထဲသို့ မဝင်မီ မိုးရွာနေသည့်ကြားက အိမ်ကြီးအား အပေါ်‌အောက် ဝေ့ကြည့်လိုက်သေးတာကြောင့် သူ့ကို မမြင်လိုက်တာတောင် အယောင်ယောင်အမှားမှားနှင့် လိုက်ကာစကို ဖြတ်ခနဲ ပြန်စေ့လိုက်မိလေသည်။

သိပ်မကြာလိုက်ပါဘဲ တံခါးကို ခပ်ဖွဖွ ခေါက်သံက ကျူးကျော်ဝင်ရောက်လာသည်။ ထိုမှ ဆက်တိုက် ချိုသာသည့် အသံက ဆက်တိုက် လိုက်လာ၏။ အသိပေးရုံ တံခါးခေါက်သံပြီးသည့်နောက် မိခင်ဖြစ်သူက တံခါးဖွင့်လာလေသည်။
"သားလေး... မေမေတို့ ပြန်ရောက်ပြီ၊ Pre Happy Birthday သားဈာန်... မေမေ ဘာဝယ်လာလဲ ကြည့်ပါဦး"

မွေးနေ့မရောက်‌သေးပေမဲ့လည်း သူ့မွေးနေ့မှာ မိဘနှစ်ပါးလုံးက အမွှာအစ်မဖြစ်သူရှိရာ နိုင်ငံရပ်ခြားသို့ ရောက်နေမည် ဖြစ်တာကြောင့် အကြိုလက်ဆောင်အဖြစ် လှမ်းပေးလာသည့် အထုပ်ကို သူယူကာ ဖွင့်ကြည့်လိုက်တော့ ပန်းချီစုတ်တံ၊ ကင်းဗတ်စတွေနှင့် ဆေးဘူးရောင်စုံများကို တွေ့လိုက်ရလေသည်။ ဝါသနာပါတယ်ရယ်လို့ မဟုတ်ဘဲ ဟိုခြစ်သည်ခြစ်လုပ်မိရာမှ မိခင်ဖြစ်သူက သတိထားမိပြီး မွေးနေ့လက်ဆောင်အဖြစ် ပေးလာလေတော့လည်း ထိုအရာတွေက လုပ်စရာ ထွေထွေထူးထူးမရှိသည့် သူ့နေ့စဉ်ဘဝကို အထောက်အကူပြုစေမည့် ယခင်က ကုဗတုံးတွေကို အရုပ်အဖြစ်ဆက်ခဲ့သလို အပျင်းပြေ အသုံးအဆောင် ပစ္စည်းသက်သက်အလား။

ဩဂုတ်လရဲ့ အဝါရောင်တမ်းချင်းWhere stories live. Discover now