သီချင်းတစ်ပုဒ်ကို အချိန်တစ်ခုထိ စွဲစွဲလမ်းလမ်းဖြစ်ပြီး နောက်ပိုင်းကျ နားမထောင်ဖြစ်တော့တာမျိုး ဖြစ်တတ်ကြလား ။ ရိုးအီသွားတာလိုလို ၊ ငြီးငွေ့သွားတာလိုလိုနဲ့ တကူးတက ရှာဖွေပြီးနားမထောင်ဖြစ်တော့တာမျိုးပေါ့ ။
ယူဂျင်းရဲ့ playlist ထဲမှာတော့ အဲ့ဒီလိုသီချင်းတွေ ခပ်များများရှိနေမယ်လို့ထင်တယ် ။ သီချင်းတစ်ပုဒ်ကို သဘောကျမိသွားပြီဆိုတာနဲ့ 1 လလောက် အဲ့သီချင်းကိုပဲ ဆက်တိုက်နားထောင်နေမိရာကနေ နောက်ပိုင်းကျ နားထောင်ဖို့တောင် သတိမရတော့တာ ။
" အပြင်မှာ အခုလိုတွေ့ရမယ်လို့မထင်ထားဘူးဟယ် "
" စစမြင်တုန်းကဆို ငါအသက်ရှူများရပ်သွားပြီလားလို့ "
" အရပ်ကလည်း အရှည်ကြီးပဲ ငါနဲ့ဆို ရင်ခွင်မှီ .. "
" ဟဲ့ ဟဲ့ CEO လာနေပြီ .. "
သူ့ရုံးခန်းရဲ့ တံခါးနား စုပြုံနေတဲ့ ဝန်ထမ်းအချို့က ယူဂျင်းကို သတိလည်းထားမိရော ခပ်ရို့ရို့နဲ့ ခေါင်းငုံ့လို့ နေရာတွေချဲကုန်ကြတယ် ။ ကိုယ့်အလုပ်ကိုယ်တောင်မလုပ်နိုင်ဘဲ ကျွတ်စီထိုးနေရတဲ့ အကြောင်းရင်းကို သိနေရတော့ ယူဂျင်းစိတ်တွေညစ်ညူးလျက်သားပဲ ။
" CEO ရောက်လာပြီလား .. "
ရုံးခန်းထဲဝင်သွားတော့ ယူဂျင်းကိုကြိုဆိုနေတဲ့လူဟာ ကျန်းဟောင့်ကော ။ တကယ်တမ်း ချယ်ရီနီရောင်အစွန်းလေးတွေလည်း မျက်လုံးထောင့်ထဲ တိုးဝင်လာခဲ့ပေမယ့် ယူဂျင်း တမင်တကာလျစ်လျူရှူထားလိုက်တာ ။
" ဆောရီး နည်းနည်းနောက်ကျသွားတယ် "
" ရပါတယ် .. ကိုယ်အမြဲတမ်းစောင့်နေမှာ "
လေလှိုင်းတွေကပဲတစ်ဆင့် ယူဂျင်းအမှတ်တမဲ့ ကြားတတ်ရတဲ့အသံခပ်ချိုချိုတစ်ခုခု ။ အပြင်မှာ မကြားရတာကြာပြီဖြစ်တဲ့ ဒီအသံကို ငါးနှစ်ကြာပြီးမှပြန်ကြားရတဲ့အခါ ယူဂျင်းလက်ဖျားလေးတွေ လှုပ်ခတ်သွားတယ် ။
တွေ့ကိုတွေ့ရဖို့ အကြောင်းဖန်လာခဲ့ရင် မမြင်ချင်ယောင်ဆောင်လို့လည်း မရပါလား ။ အဲ့ဒါကြောင့် ရှူတည်တည်နဲ့ပဲ အသံလာရာကိုလှည့်ကြည့်လိုက်တော့ ချယ်ရီနီရောင်တွေက ယူဂျင်းရဲ့မြင်ကွင်းထဲ ဝဲကျလို့လာခဲ့ပါတယ် ။