အလွမ်းကြွေးကျန်_2

717 60 14
                                        

အလွမ်းကြွေးကျန်_2

လင်းလက်က လက်ထဲက စီးကရက်ကို အသာအယာ ရှိုက်ဖွာလိုက်ပြီးတော့ စကားထောက်ပေးလာသည်။

"အဲဒီတော့..."

"မဟူရာက ငါ့စကားတောင် မဆုံးသေးခင် ဖေငယ့် ခြေဖမိုးပေါ်ကို ဖြတ်ပြေးတာ ဒက်ဒီက ဖေငယ့်ကို ပြေးပွေ့တာကွာ... အဲဒါနဲ့ နှစ်ယောက်သား လှေကားထစ် ခြောက်ထစ်လောက် ပေါ်ကနေ ပြုတ်ကျသွားတာ၊ ဒက်ဒီက ပြေးပွေ့စရာလား... ဖေငယ်ကဖြင့် လူကောင်အကြီးကြီးကို..."

မကျေမချမ်း ပွစိပွစိ ရွတ်နေသော ကောင်လေးကို လင်းလက်က အသာအယာ ငဲ့စောင်း ကြည့်လိုက်ပြီးတော့ ရယ်ချင်စိတ်ကို ထိန်းသိမ်းထားရ၏။

"အခု ဒက်ဒီက ဆေးရုံမှာ သူ ခါးနာသွားတာနဲ့ လဲနေရတယ်၊ ငါ့မျက်နှာကို မတွေ့ချင်ဘူးဆိုလို့ ငါ့မှာ ဆေးရုံတောင် မသွားတွေ့ရဲဘူး။ ဖေငယ်ကလည်း အခုကျ သတင်းလေးတောင် အမေးမခံဘူး။ ငါ့ကိုလည်း စကားမပြောဘူး"

"အဲဒါနဲ့..."

လင်းလက် နောက်တစ်ခွန်း ထပ်ထောက်ပေးတော့ မျက်လုံးထဲက မျက်ရည်ဝေဝေနဲ့ ခေါင်းပြန်ငုံ့သွားလေသည်။

"မဟူရာက ဖေငယ် သတ်လိုက်လို့ သေသွားပြီ... မဟူရာ သေသွားတာကို ငါ ဒီလောက် ဝမ်းမနည်းပါဘူး။ သတ္တဝါတစ်ခု ကံတစ်ခုပဲ မဟုတ်လား... ငါက တရားသဘောတွေကို နားလည်ပါတယ်"

တရားသဘောတွေကို နားလည်သော သူက မျက်ရည်တွေ စီးကျလာတော့မတတ် မျက်ဝန်းထဲမှာ ပြည့်အိုင်နေတာများ မျက်ခွံလေးကို လက်မနဲ့ ဖိလိုက်လျှင် ရေစီးကမ်းပြို စီးကျလာနိုင်သေး၏။

"ဖေငယ်က အဖြူလေးကို ခြင်းထဲ ထည့်ပြီးတော့ ငါ့ကို ပေးလာတာ၊ အိမ်ထဲလည်း မဝင်ခိုင်းတော့ဘူးလေ..."

"ဘွားထိပ်ထားတို့ကရော..."

"ဘွားဘွားက အိုင်ယာလန်မှာ သွားလည်နေတာ... မပြန်လာသေးဘူး ဖုန်းလည်း ဆက်လို့ မရဘူး"

ပြောနေရင်း ဆိုနေရင်းဖြင့် စားပွဲထိုးလေးက ကော်ဖီတစ်ခွက် ချပေးလာတော့ သူ့ခမျာ ပါးစောင်တွေ ဖောင်းလာအောင် မုန့်တွေကို တနင့်တပိုး ဝါးမျိုချလိုက်ပြီး ကော်ဖီကို မုန့်တွေ ပျော့သွားလျှင် ပြီးရော အထာဖြင့် ဂွပ်ခနဲ ဂွပ်ခနဲ မော့သောက်ပါ၏။

You've reached the end of published parts.

⏰ Last updated: Aug 27, 2024 ⏰

Add this story to your Library to get notified about new parts!

အလွမ်းကြွေးကျန်Where stories live. Discover now