Part [3]

1.3K 387 69
                                    

unicode

" ဝုတ်!....."

သခင့်၏စကားကိုနာခံသည့်အလား ကျောက်ရုပ်တစ်ရုပ်လိုတောင့်တောင့်ကြီးဖြစ်နေသည့် ထယ်ယောင်းထံ မာန်ဖီလျက် ပြေးလာခဲ့ပါသည့် အကောင်ကြီးကြီး dobermannခွေးကြီးကြောင့် ထယ်ယောင်း၏နှလုံးသားမှာအပြင်သို့ပြုတ်ကျမတတ် ထိတ်လန့်တုန်လှုပ်သွားကာ ဦးနှောက်ကပြေးရမည်အချက်ပြနေပေမယ့် သစ္စာဖောက် ခြေထောက်တွေကရွေ့လျားမရ..။

" အား!!..."

ကြောက်ရွံ့တုန်လှုပ်စိတ်ကြောင့် ဒူးတွေကတုန်ရင်လာကာ မျက်ဝန်းတို့က ပတ်ဝန်းကျင်ဆီအလျှင်အမြန်ဝေ့ဝဲကြည့်မိလိုက်လျှင် အနီးနားက အလှစိုက်ထင်းရှုးပင်ကိုတွေ့လိုက်ရ၍ ကူကယ်ရာတွေ့သွားသလိုမျိုး ထယ်ယောင်းသည် ထင်းရှုးပင်ဆီ လွှားခနဲမည်သို့မည်ပုံရောက်သွားသည်မှန်းတောင်မသိဘဲ ထင်းရှုးပင်ပေါ်ကုတ်ကပ်တက်လိုက်မိသည်။

" ဝုတ်!.. ဝုတ်!.."

တော်သေးသည်က ထယ်ယောင်းလည်း ထင်းရှူးပင်၏သစ်ကိုင်းထက်အရောက် ခွေးကလည်း သစ်ပင်အောက်ခြေဆီအရောက်ဖြစ်ကာ ထယ်ယောင်းကိုအောက်ကနေတရစပ်ထိုးဟောင်လာသည်။

" ဝုတ်!.. ဝုတ်!..."

ခွေးတစ်ချက်ဟောင်တိုင်း တစ်ခါရင်တုန်ရသည့်ထယ်ယောင်းမှာ ခြေလက်တွေတုန်ရင်နေကာ သစ်ကိုင်းထက်တွင်ရှိနေရင်း ခြေမကိုင်မိလက်မကိုင်မိ။ သူက ချစ်ဖို့ကောင်းသည့်အိမ်မွေးတိရစ္ဆာန်လေးတွေကို သဘောကျတတ်သော်ငြား မိမိကိုရန်လိုအန္တရာယ်ပြုသည့် အိမ်မွေးတိရစ္ဆာန်တွေကိုတော့ ကြောက်ရွံ့သည်။ အထူးသဖြင့် ခွေးကိုက်ခံရမည်အား အသည်းခိုက်မတတ် ကြောက်သည်။

အကူအညီရလိုရငြား စံအိမ်ဝင်းထဲ ခေါင်းလေးဝေ့ဝဲကြည့်မိပေမယ့် လူရိပ်လူခြည်ဟူ၍ သူ့ဆီကို အေးအေးလူလူဟန်ပန်နှင့်လှမ်းလာနေသည့်သခင်ငယ်လေးနှင့် သခင်ငယ်လေးအနောက်လှမ်းလှမ်းမှာရှိသည့်အလုပ်သမားတစ်ယောက်ကိုတွေ့သည်။ အလုပ်သမားကတော့ ထယ်ယောင်းကို သူ့သခင်လေးအားကျော်ပြီးအကူအညီတော့ပေးလောက်မည်မဟုတ်။

" ဝုတ်!.. ဝုတ်!..."

" တော်တယ်... ဘမ်... "

သခင့်အလိုကျ ထိုးဟောင်နေသည့်ဘမ်မှာ သခင့်ဆီကနေချီးကျူးအပွတ်သပ်ခံရသည့်အခါ အမြီးလေးနန့်ကာပျော်ရွှင်နေပုံရသည်။

Meeting My Young MasterWhere stories live. Discover now