အချိန်တွေ ဘယ်လောက်များ ကြာသွားပါလိမ့် ဒီနေရာလေးမှာ ထိုင်နေမိတာရော ဘယ်အချိန်လောက်ရှိနေပြီလဲ မသိတော့...
လေအဝှေ့မှာ ကြားလိုက်ရတဲ့ တီးတိုးသံဟာ စိတ်ထင်သည်ပဲလား ဒါမှမဟုတ် သူ့စကားသံများလားသစ်ပင်တွေ ကြားကနေ ဟိုတစ်စဒီတစ်စ ဖိတ်အံကျနေတဲ့ နေရောင်ခြည်ဟာ မကြာခင်ပဲ အနောက်အရပ်မှာ ပုန်းကွယ်သွားလေပြီ။
ဒီအုတ်ခုံဖြူဖြူလေးမှာ ထိုင်ရင်း လမ်းလေးကို မျှော်ငေးနေရုံကလွဲပြီး ဘာမှမတတ်နိုင်တော့...ဟုတ်ပါတယ် ကျုပ်ကိုယ့်ကိုယ်ကို လိမ်ညာနေတာ ရပ်သင့်ပါပြီ။
ဘယ်လိုပဲဖြစ်ဖြစ် ပြန်မလာတော့မှာသိရက်နဲ့ ပြန်မလာနိုင်တော့တာသိရက်နဲ့ နှလုံးဆီအိမ်ကလာတဲ့ မျှော်လင့်ချက် သေးသေးကလေးနဲ့ တကယ့်ကို ဆံချည်ဝက်စာလောက်ကလေးနဲ့ အခုထိ စောင့်မျှော်နေမိခဲ့တာပါ။ဘယ်တတ်နိုင်မလဲလေ ပိုးဖလံတွေ မီးထဲတိုးကြသလို ကျုပ်ကလဲ ဒီသကာပျားရည်အပြည့်နဲ့အိုင်ငယ်ထဲကို နစ်မြုပ်မယ်မှန်း သိရက်နဲ့ ခုန်ဆင်းခဲ့မိတာမလား ဒီတော့ ကျေကျေနပ်နပ်ကြီး နစ်မြုပ်ရုံပေါ့။
နေဝန်းနီနီဟာ လုံးလုံးပျောက်ကွယ်သွားပြီး ကောင်းကင်နဲ့ တိမ်တိုက်တစ်ချို့ဆီမှ အလင်းပြပြသာ ကျန်တော့သည်။
ကောင်းကင်ကို မော့ကြည့်လိုက်တော့ တိမ်တိုက်တွေဟာသိပ်လှတယ် အဲ့ဒီနေ့ကလိုပဲ တိမ်တိုက်တွေဟာသိပ်လှတယ်။ဝါဂွမ်းတွေက တိမ်တိုက်တွေနဲ့တူတယ် ဆိုတဲ့စကားသံဟာ မနေ့တနေ့ကပြောခဲ့သလို ကြည်လင်ပြတ်သားလျှက်...
မော့ကြည့်နေတဲ့ မျက်ဝန်းနက်နက်တွေ ဝေဝါးလာတာနဲ့အမျှ လောကကြီးတစ်ခုလုံး အမှောင်ကျသွားလေပြီ။
လက်ထဲက တောင်ဝှေးလေးလဲ မြေပေါ်သို့ ခညောင်းရလေပြီ။ကျုပ်ကတိအတိုင်း နောက်ဆုံးအချိန်ထိ စောင့်နေခဲ့ပါတယ် ကိုထင်အောင်။
လွန်ခဲ့သော နှစ်ပေါင်းလေးဆယ်ခန့်ဆီသို့....
မကွေးမှကိုးပင်ဆီသို့ တအိအိမောင်းနှင်နေတဲ့လိုင်းကားလေးပေါ်မှာ စာနယ်မဂ္ဂဇင်းတစ်အုပ်ကို ဖတ်ရင်း ကျွန်တော်လိုက်ပါလာခဲ့သည်။