ရွှီဟယ် မြို့ပေါ်သို့သွား၍ ဆေးကုပြီးသည့်နောက်မှ စတင်ကာ ယခုရက်များအတွင်း အပြင်သိပ်မထွက်တော့ဘဲ ဆောင်းတွင်းအဖို့ မီးသွေးဖုတ်သည့် အကြောင်းပြချက်ဖြင့် အိမ်ထဲ၌သာ ရက်အနည်းငယ်ကြာအောင် နေခဲ့သည်။
ယနေ့ရာသီဥတု သာယာ၍ ဒူးခေါင်းဒဏ်ရာသည်လည်း အနာဖေးတက်နေပြီ ဖြစ်သည့်အပြင် အပြင်းဖျားခြင်းမှာ ဆေးသောက်ပြီးနောက် အတော် သက်သာလာကာ ပျောက်ကင်းသွားသဖြင့် အဝတ်လျှော်ရန် မြစ်နားသို့ သွားလိုက်သည်။
ရွှီဟယ် တစ်မိသားစုလုံး၏ အဝတ်အစားများကို ခြင်းတောင်းကြီးတစ်ခုထဲသို့ ထည့်လျက် ၎င်းကို ပွေ့ပိုက်ရင်း မြစ်ဆီ အ၀တ်လျှော်ထွက်ခဲ့လေသည်။ ဆောင်းရာသီတွင် နေပွင့်သည့်ရက် များများစားစား မရှိသဖြင့် ယနေ့တွင် မြစ်ကမ်းဘေး၌ ကောနှင့် အမျိုးသမီး အများအပြား အဝတ်လျှော်နေကြသည်ကို ရွှီဟယ် မြင်လိုက်ရသည်။ လူတိုင်းမှာ ရယ်ရယ်မောမော စကားပြောလျက် အဝတ်လျှော်နေကြသည်။
"ဟယ်ကောလည်း အဝတ်လာလျှော်တာလား! လာ! လာ! ဒီမှာ လျှော်လို့ရတယ်"
အမျိုးသမီးတစ်ယောက်က ရွှီဟယ် သူ့နံဘေး၌ အဝတ်လာလျှော်ရန် လှိုက်လှိုက်လှဲလှဲ လှမ်းခေါ်၍ ရွှီဟယ် လည်း ငြင်းဆိုရန် မသင့်တော်သဖြင့် တောင်းကို ပွေ့လျက် အနားသွားလုပ်သည်။
"အဒေါ်မြောင်....ရွှီဟယ် ကို ခေါ်ပြီး ဘာလုပ်မလို့လဲ ?သူ့အစ်မအကြောင်း မေးမလို့လား"
“အေးပေါ့အေ့ ညည်းလည်း မသိချင်တာကျလို့”
မြောင်အမျိုးသမီးမှာ တည့်တည့်သာ မေးလေသည်။
"ဟယ်ကောလေး နင့်အစ်မမှာ ကြိုက်တဲ့သူတို့ ရည်ရွယ်ထားတဲ့သူတို့ ရှိပြီလား ?"
ရွှီဟယ် အဝတ်များကို ရေစွတ်ကာ ပွတ်ရင်း ပြန်ဖြေလေသည်။
"မရှိသေးပါဘူး"
ဤသည်မှာ ရွှီဟယ် အမှန်အတိုင်း ဆိုခြင်း ဖြစ်သလို သူ့အမေနှင့် အစ်မ ညွှန်ကြားထားသည့်အတိုင်း ပြောခြင်းလည်း ဖြစ်သည်။ ရွှီဟယ် အား တစ်ယောက်ယောက်မှ သူ့အစ်မ မင်္ဂလာကိစ္စအား မေးလာပါက မရှိသေးကြောင်းသာ ပြောရန် မှာထားခံရသည်။ သို့မှသာ သူ့အစ်မမှာ ရွေးချယ်စရာ လူများများ ပိုရှိမည်ပင်။
YOU ARE READING
ပြန်လည်မွေးဖွားပြီးနောက်ထိန်းချုပ်အုပ်စုဝင်ဖူးလန်လေးကိုလက်ထပ်လိုက်တယ်
Historical Fictionဘာသာပြန် by Legacy Novel Translation