နှုတ်ခမ်းလွှာကြား စီးကရက်တစ်လိပ်က နေရာယူသည်။ ကောင်းကင်ကြီးက ရွှေရောင်အချိန်များ၏ ဂုဏ်ရည်တစ်ခုကို ဖော်ကျူးချင်သည့်အလား တိမ်စိုင်တို့၏ အနားသတ်ကအစ ရွှေမှုန်စများနှင့် ကွပ်ထားသည့်နှယ် ဖြစ်နေ၏။
ဖြည်းဖြည်းချင်း ရှူသွင်းပြီးနောက် ပြန်လည်မှုတ်ထုတ်လိုက်သော ဆေးလိပ်ငွေ့များက အနှီကောင်းကင်ကြီး၏ အသရေတင့်တယ်မှုအား တဒင်္ဂမျှ အကျည်းတန်စေ၏။
ဆေးလိပ်ကို လက်နှစ်ချောင်းကြား နေရာချလျက် မိမိဘေးရှိလူကို အကြည့်တစ်ချက်ရောက်ရင်း သူမေးလိုက်သည်။
"ဘာလို့ အဲကောင်လေးကို ရွေးလိုက်တာလဲ"
"ငါတို့မှာ ရွေးချယ်စရာမရှိဘူး"
"ဆိုတော့ ငါက အဲကောင်လေးနဲ့ ရင်းနှီးအောင်လုပ်နိုင်ရင် အဆင်ပြေပြီပေါ့"
"ရင်းနှီးတယ်ဆိုတာထက် သူ့စိတ်ကို မင်းပိုင်သွားရင်တော့ ပိုကောင်းတာပေါ့။ မင်းလဲ သိတဲ့အတိုင်းပဲ။ အဲဒါပြီးမှ ငါတို့စီစဉ်ထားတဲ့အတိုင်း ဆက်သွားလို့ရမှာ"
ခံတွင်းချဉ်လာ၍ ဆေးလိပ်သောက်ကာမှ လက်နှစ်ချောင်းကြားက ဆေးလိပ်ကိုကြည့်ပြီး တစ်မျိုးတစ်မည် ခံစားလာရ၍ တစ်ခါတည်း နင်းခြေပစ်လိုက်သည်။ အံ့ဩစရာတော့မရှိပါပေ။ အကြောင်းမှာ ပြောလက်စ စကားဝိုင်းအား စီးကရက်တစ်လိပ်ထက်ပို၍ စိတ်ဝင်စားသွားခြင်းကြောင့်ပင်။
"တစ်မျိုးလေးပါလား"
ထိုအခါ တစ်ဖက်လူဆီမှ ပျက်ရယ်ပြုသံ ထွက်ပေါ်လာ၏။
"လုပ်နိုင်မယ်လို့ ထင်လား"
အကဲစမ်းသလို ပြန်မေးလိုက်သည့် မေးခွန်းအပေါ်၌ သူ့မျက်ခုံးတန်းတို့က မခံချင်စိတ်နှင့်အတူ မြင့်တက်သွားရချေသည်။
ဤက မာနကို ထိခိုက်လွန်းနေသည်ပင် မဟုတ်ပါလား။
"သတ်မှတ်ကာလရှိလား"
"မင်းပြောကြည့်လေ"
"သုံးလထားလိုက်။ ငါ့အတွက် သုံးလဆို အဆင်ပြေပြီ"
"အိုကေ။ အဲဒါဆို ငါဟိုဘက်ကို ပြန်ပြောထားလိုက်တော့မယ်။ စပြီး အကောင်အထည်ဖော်နေပြီလို့။ ဒီကြားထဲ မင်းလဲ ပြင်ဆင်စရာရှိတာ ပြင်ဆင်ထားတော့။ ဟိုဘက်ကို သွားဖို့က အချိန်တွေကြာနေရင် မကောင်းဘူး"