သားငယ်ရေ။ မပြောမဆိုနဲ့ ထွက်သွားလိုက်တာ ဖုန်းလည်း ဆက်လို့မရ။ အချိန်ရရင် ဖုန်းဆက်ပါဦး။
သားငယ်ရေ။ မင်းအမေက လာမေးတယ်။ သားငယ် လာလားတဲ့။ အိမ်မှာ ရှိတယ်လို့ပဲ ငါ ဖြေလိုက်တယ်။ ဖုန်းဆက်ခဲ့ဦးနော်။
သားငယ်ရေ။ မင်းနဲ့ ဖုန်းမရတာ ၃ရက်ရှိပြီ။ ဒီကြားထဲ မင်းအမေလည်း ဖုန်းခဏခဏဆက်တယ်။ လောလောဆယ်တော့ ငါလည်း မင်း အပြင်သွားတာ ဖုန်းကျန်ခဲ့လို့တို့၊ ရေချိုးနေလို့တို့ပဲ ဖြေထားရတယ်။ ဖုန်းမြန်မြန် ပြန်ဆက်ကွာ။ နောက်တစ်ခေါက်ဆို ငါလည်း ဘာအကြောင်းပြရမလဲ မသိတော့ဘူး။ လိမ်ရတာ ခက်တယ် ဟေ့ရောင်ရေ။
သားငယ်ရေ။ မင်းနဲ့ အဆက်အသွယ်မရတာ တစ်ပတ်ရှိပြီ။ မင်းအမေလည်း စိတ်တော်တော် ပူနေတယ်။ ငိုဟယ် ရယ်ဟယ်နဲ့ပဲ။ အခု ရဲစခန်းမှာ လူပျောက်တိုင်ထားတယ် ပြောတယ်။ စိတ်ညစ်ရှာမှာပေါ့။ ခေတ်အခြေအနေကြီးက မကောင်းပါဘူးဆို တစ်ဦးတည်းသော သားလေးက အဆက်အသွယ်မရဖြစ်နေတော့။ မင်း အခြေအနေပေးရင် ပြန်ဆက်သွယ်ပါဦးကွာ။
သားငယ်ရေ။ တစ်လပြည့်သွားပြီ ငါ့ကောင်။ ဖုန်းလည်း အဆက်အသွယ်မရ၊ မက်ဆေ့ချ်ပို့လည်း အရာမထင်။ မင်းအမေကတော့ မင်းကို ရှာနေတုန်းပဲ။ အရူးတစ်ပိုင်းပဲဟေ့။ သတင်းစာတွေထဲလည်း ကြော်ငြာတွေ ထည့်ထားတယ်ပြောတယ်။
သားငယ်ရေ။ သုံးလ ရှိသွားပြီဟ။ မင်းအမေကတော့ မင်း သူငယ်ချင်းတွေကို လိုက်မေးနေတုန်း။ မင်း ဒီလို ထွက်သွားမယ်မှန်းသိရင် မင်း စိတ်ထိခိုက်အောင် မပြောခဲ့ပါဘူးတဲ့။ အေးလေ နောင်တဆိုတာ နောက်မှ ရတာ မဟုတ်လား။ ငါလည်း မင်းကို သတိရပေမဲ့ အဆင်ပြေအောင် နေနေတယ်။ လူဆိုတာကတော့ ရှေ့ဆက်လျှောက်ရမှာပဲလေ။
သားငယ်ရေ။ တစ်နှစ်ရှိပြီ။ သတင်းစာတွေထဲလည်း မင်းနာမည်တွေ ထည့်ရလွန်းလို့ သတင်းစာတိုက်ကတောင် မင်းအိမ်က လူတွေကို မှတ်မိနေပြီဟေ့။ လူပျောက်တိုင်ထားတာလည်း မထူးပါဘူးကွာ။ ဒါနဲ့ မင်း ကြိုက်တယ်ဆိုတဲ့ ငါ့အိမ်က နွယ်သာကီပန်းတွေတောင် ဝေနေအောင် ပွင့်နေပြီ သားကြီးရေ။ ဘေးအိမ်ကလူတွေတောင် နွယ်သာကီတွေ ဒီလောက် လှတာ မမြင်ဖူးဘူးတဲ့။ ငါတော့ ပြုံးပဲ ပြုံးပြလိုက်တော့တယ်။
![](https://img.wattpad.com/cover/379757080-288-k501352.jpg)
YOU ARE READING
ချယ်ရီမမည်တဲ့ နွယ်သာကီ
Любовные романыနွယ်သာကီ - အန္တရာယ်ရှိသော အချစ် (သို့) အဆုံးသတ် မလှပသော အချစ် ချယ်ရီ - သန့်စင်သော ချစ်ခြင်း