အဖြူရောင်သက္ကရာဇ်တစ်ခုကုန်လွန်ရန် ခြားထားသည့်စည်းတို့ဟာ အနက်ရောင်မျဉ်းများသာဖြစ်ပါ၏။
အဖြူရောင်နဲ့ငွေရောင်တို့အပြင် စိန်ပွင့်ဖြူဖြူတို့ခစားနေပုံမှာ မသေမျိုးတစ်ပါးနှင့်ပင်ဆင်တူနေသေးသည်။ ခန္ဓာကိုယ်ပေါ်ရှိအဖြူရောင်တန်ဆာတို့မှာ ဖြူမှုံနေသောအသားရောင်ကြောင့် ဆွဲအားကြီးမားနက်ရှိုင်းသော အရှိန်အဝါတို့ပြည့်လျှံလျက်ရှိသည်။
"ဂရုစိုက်ပါ"
စိုးရိမ်မှုအပြည့်ပြောလာသောစကားတို့ကို ခေါင်းငြိမ့်ပြရပေမဲ့ ကောင်းမွန်မဲ့လမ်းမဟုတ်တာ ကိုယ်တိုင်သာသိသည်။
***
မှိုင်းညို့ညို့ဆောင်းညလယ်တွင် ကောင်းကင်ယံမှဆင်းသက်လာသော နှင်းစက်ဖြူဖြူတို့နှင့် ပင်အိုတို့ဆီက ဆောင်းခိုငှက်တို့အား ဥပေက္ခာပြုလျက်....
လမင်းနှင့်ကြယ်ရောင်တို့ကိုပင်ဖောက်ထွင်းနေသော အလှမီးဆိုင်းတို့နှင့် ထိန်လင်းနေသောမီးရောင်တို့ကြား နာပျော်ဖွယ်တေးဂီတသံတို့ပျံလွင့်နေသည်။ စံအိမ်တော်ကြီးအတွင်း ရှုပ်ရှက်ခပ်နေသော အလုပ်သမားတို့မှာ ညဦးပိုင်းတွင်ကျင်းပနေသည့် ညစာစားပွဲအတွက် ဧည့်ခံနေကြခြင်းပင်။
"ဒီည အထူးဧည့်သည်ရှိလို့ ပွဲပြီးမှကစားကြမယ်နော်..."
"ဘယ်သူလဲ လှလား..."
စံအိမ်ကြီးရဲ့သားဖြစ်တဲ့ ရှင်းလီက ကစားပွဲအစီအစဉ်ကိုပြောပြဖို့ အစပျိုးလာချိန် ရှင်လွန်းငယ်က ခပ်နောက်နောက်မေးလာသည်။
"အဲ့တာက ငါတို့ရဲ့..."
"ဒီမှာထိုင်လို့ရမလား..."
ရှင်းလီရဲ့စကားမဆုံးခင် ပြောလာသောအသံကြောင့် တစ်ဖွဲ့လုံးလှည့်ကြည့်လိုက်ကြတော့ သူတို့ထပ်စီနီယာဖြစ်ပုံရသော ယောင်္ကျားလေးသုံးယောက်ကိုတွေ့လိုက်ရသည်။
စစ်သားဆန်ဆန်ဆံပင်ပုံစံနှင့် မျက်နှာတည်တည်တွင် မချိတင်ကဲအပြုံးလေးချိတ်ဆွဲထားပုံက ယောင်္ကျားပီသမှုကို အတိုင်းသားမြင်နေရပြီး သူ့ကိုယ်သူ 'အဏ္ဏဝါ'လို့ မိတ်ဆက်လာသည်။