No Way
" ဒီပါဇော် "
နောက်ကျောက လွင့်ပျံလာတဲ့ အသံငေါက်ငေါက်လေးက ခပ်ဆောင့်ဆောင့် ထွက်လာပေမဲ့ လှည့်မကြည့်ဖြစ်ဘူး။ ဟင်းအိုးထဲ ခြွေထားတဲ့ အရွက်တွေကို စုပြုံထည့်ရင်း လုပ်စရာ ရှိတာကိုပဲ ဆက်လုပ်နေလိုက်တယ်။ ကိုယ့် နာမည်အပြည့်အစုံကို ခေါ်လာပြီဆိုကတည်းက ဒီအမျိုးသားရဲ့ သည်းခံနိုင်မှု လစ်မစ် လျော့ရဲနေပြီဆိုတာ သိလိုက်ရပြီ။ ခပ်ဖျော့ဖျော့ ပြုံးမိတေ့ာ ရှူရှိုက်နေကျ ကိုယ်သင်းနံ့ သင်းသင်းလေးက ဘေးမှာ မွှေးပျံ့ပျံ့ ဝေ့တယ်။
" မင်းကို မီးဖိုချောင် မဝင်ဖို့ ပြောထားတယ်လေ။ ဘာလို့ စကား နားမထောင်ဘဲ ဒီထဲပဲ လာချင်နေရတာလဲ "
ကိုယ် ဖွထားသမျှ အိုးတွေ ခွက်တွေကို ဂရုတစိုက် သိမ်းဆည်းရင်း ပွစိပွစိ ရေရွတ်တယ်။ ဟုတ်တော့လည်း ဟုတ်ပါတယ်။ ကိုယ် မီးဖိုချောင် ဝင်တိုင်း ကိုကို့ခမျာ မနားရဘဲ ပိုပြီး ပင်ပန်းရတာပဲ ရှိတယ်။ ရှေ့က ကိုယ်ဖွသမျှကို နောက်က လိုက်ရှင်းပေးရတာ ကိုကိုပဲ မဟုတ်လား။ ဒါပေမဲ့လည်း မတတ်နိုင်ဘူး။ ကိုကို့ကို ဟင်းချက် ကျွေးချင်တဲ့ စေတနာလေးက ပယ်ဖျက်လို့မှ မရဘဲ။ ကိုကို့အပေါ်ကျမှ ဖောဖောသီသီ ပြိုကျချင်တဲ့ မေတ္တာရှင်လေးမို့ ကိုကိုကပဲ သည်းခံပေါ့။
" အဲ့အရွက်တွေကို မင်း ဒီအတိုင်း ထည့်လိုက်တာလား "
" ရေဆေးထားပါတယ် ကိုကိုရဲ့။ မစိုးရိမ်ပါနဲ့။ ကျွန်တော်က သန့်ပါတယ်နော် "
" ရေဆေးထားလား မေးနေတာ မဟုတ်ဘူး။ မင်း ဟင်းအိုးထဲက အရွက်တွေကို ကြည့်ဦး။ ဒါလား ခြွေထားတာ။ ဈေးထဲက ဝယ်လာတဲ့အတိုင်း ပစ်ထည့်လိုက်တာလို့ ပြောရင်တောင် ယုံလို့ ရသေးတယ် "
ဘေစင်မှာ ပန်းကန်တချို့ကို ဆေးကြောနေရင်း ဟင်းအိုးဆီ မျက်စိ ရောက်လာတဲ့ ကိုကို။ ဘေးမှာ ပူညံပူညံ လာလုပ်လည်း စိတ်မကွက်ဖြစ်ဘူး။ ပြောပါစေ။ တခြား လူမှ မဟုတ်ဘဲ။ ကိုကိုရဲ့ အသံလေးက မြတ်နိုးစရာ ကောင်းလွန်းတယ် မဟုတ်လား။ ဒီတော့ ဒီပါဇော်ဆိုတဲ့ ကောင်က အဆူခံနေရလည်း ခပ်ပြုံးပြုံးပါပဲ။ ကိုကိုနဲ့သာဆို အရာရာက နေသားတကျတွေ ဖြစ်လို့။ အရက်မမူးဘဲ အချစ်ရူးတာလည်း ခံစားလို့ ကောင်းသားပဲ။ ကိုယ့်အတွေးနဲ့ ကိုယ် ခေါင်းဆတ်ဆတ် ညိတ်မိတော့ လက်မောင်းကို တစ်ချက် အုပ်ခံလိုက်ရတယ်။ ရိုက်ချက်က ပြင်းပါတယ်။ ကိုယ့်မှာ ဆတ်ခနဲ။ ကျောတောင် မတ်သွားရတယ်။
![](https://img.wattpad.com/cover/379981538-288-k763852.jpg)