ပူအိုက်အိုက်ရာသီဥတုမှာ လိုင်းကားစီးရတာ က ထိုင်စရာနေရာမရရင်တောင် နေရာချောင်တဲ့အပြင် လေအေးပေးစက်ပါတဲ့ကားဆိုရင် ဒီနေ့က ကံကောင်းတဲ့နေ့ပဲဆရာရေ။ အမှတ်တမဲ့ဆိုသလို ဘေးကတစ်ယောက်ဆီ မျက်လုံးအကြည့်တွေရောက်သွားတယ်။ ဒါက မိန်းကလေးလား။ ယောင်္ကျားလေးလား။ ခုန်လာတဲ့ရင်ဘတ်တစ်စုံကြောင့် ကိုယ့်ဟာကိုယ် သဘောကျစွာ "ခစ်"ဆိုပြီး ရယ်မိတယ်။ ကိုယ့်ရဲ့ရယ်သံကြောင့် အပြင်ပြတင်းပေါက်ဘက်ကို ရပ်လျက် ကြည့်နေရာကနေ ကိုယ့်ဆီအကြည့်တစ်ချက်ဝေ့လာတယ်။ မိန်းကလေးပဲ။ အံ့ဩမှုအစုံနဲ့ စိတ်ထဲတွင် ဘုရားတမိတယ်။ ဝတ်ထားတဲ့စတိုင်ကြောင့်ပဲ တွေးမိသည်မဟုတ်။ သူ့ရဲ့ မတိုမရှည်ဆံပင်တွေနဲ့ သူ့ရဲ့ ကျွန်တော့်နီးပါးရှိတဲ့အရပ်။ အင်း ကျွန်တော်က ပြောရမယ်ဆိုရင် ယောင်္ကျားလေးတွေထဲမှာ ရှည်တဲ့လူထဲပါမနေပင်မယ့် ထိုမိန်းကလေးက အရပ်ရှည်နေတဲ့ထဲပါနေတာလည်းဖြစ်မည်။ ဒါတွေကြောင့်တင်မဟုတ်ဘူး။ သူရဲ့ မျက်နှာကလှနေတာမျိုးမဟုတ်ဘဲ ချောမောနေတာ။ ယောင်္ကျားလေးဖြစ်တဲ့ကျွန်တော်အားကျလိုချင်တဲ့ ရုပ်မျိုး။ ဒီလို မိန်းကလေးမျိုးနဲ့သာရည်းစားဖြစ်ရင် ကျွန်တော်က အလိုလိုနေရင်း မိန်းကလေးနေရာရောက်သွားမယ်ထင်တယ်။ ကျွန်တော်အတွေးကို သဘောကျစွာ ဟက်ခနဲ ရယ်မိတယ်။ အခုကတော့ ထိုမိန်းကလေးသည်အကြည့်တွေအပြင်ဘက်ကိုပြန်ရောက်နေပင်မယ့် တခြားသူတွေကကြည့်လာသည်။ တော်ပြီ လူတွေက ကိုယ့်ကိုအရူးလို့မထင်ခင် အတွေးတွေရပ်သင့်ပြီ ထိုကောင်မလေးက မင်းရည်းစားဘယ်တော့မှဖြစ်လာမှာမဟုတ်ပါဘူးကွာ။
ဆင်းရမယ့်မှတ်တိုင်ရောက်တော့မှာမို့လို့ တံခါးတွင်သွားရပ်တဲ့အချိန် ဘေးမှာရပ်လာသော ထိုကောင်မလေး။ ဆုံသွားသောအကြည့်တွေကြောင့် ပြုံးပြလိုက်တော့ ထိုသူက နှုတ်ခမ်းတွန့်ကာပြုံးပြပြီး မျက်နှာသည်တံခါးဖက်ကို ပြန်လှည့်သွားသည်။ ကားပေါ်ကဆင်းတဲ့မှတ်တိုင်တင်တူရုံမဟုတ် သွားသည့်လမ်းလည်းတူနေတာကြောင့် လမ်းလျှောက်တဲ့အခါဘေးချင်းကပ်ဖြစ်နေတယ်။ ဘာလို့နေရခက်သလိုခံစားရတာလဲ။ စာအုပ်ဆိုင်ထဲဝင်ဖို့ပြင်တော့ ထိုကောင်မလေးကလည်း ဝင်ဖို့ပြင်လာတယ်။