[ကြောင်အိုကြီးရဲ့တစ်နေ့တာ]
တိတ်ဆိတ်ငြိမ်သက်လွန်းတဲ့ မနက်ခင်းတွေမှာ သူနိုးထလာတိုင်း အဖွားရဲ့ခုတင်ဘေးဘက်က ကြောင်မွေ့ယာလေးထဲမှာပဲ ဆက်ခွေနေမိတယ်။
ပြတင်းလိုက်ကာတွေဆီကနေ ကြမ်းပြင်ကိုဖြာကျနေတဲ့ နေရောင်ခြည်တွေ တော်တော်လေး ရင့်သန်မလာခင်ထိပေါ့။
သူဟာ သူရဲ့ ပယင်းရောင်မျက်ဆန်တွေကို နေရောင်ခြည်နုနုအောက်မှာ ဖွင့်ဟထားပြီး နေဆာလှုံနေရတာကိုကြိုက်တယ်။
ဟုတ်တာပေါ့..သူကကြောင်တစ်ကောင်ပဲကို။
အဲ့ဒီနောက်မှာတော့ အဖွားက သူ့ရဲ့မနက်ခင်းလက်ဖက်ရည်ကြမ်းကိုပြုလုပ်ဖို့ ပြင်ဆင်ပြီး ပြီးစီးသွားတဲ့အချိန်မှာတော့ သမီးဖြစ်သူပုံမှန်ဝယ်ဖြည့်ပေးထားတဲ့ ကြောင်စာဘူးကိုလက်လှမ်းလိမ့်မယ်။
အဲ့ဒီကြောင်စာတွေကို JAY လို့ နာမည်ထွင်းထားတဲ့ ကြောင်စာခွက်ထဲကို ဖြည့်ပြီးတဲ့အချိန်မှာတော့ သူနေဆာလှုံနေတာကို ရပ်လိုက်ဖို့အချိန်ကျပြီ။
" ဂျေး အစာစားမယ် "
အဖွားရဲ့ခေါ်သံအဆုံးမှာ သူဟာတစ်ချက် သန်းဝေလိုက်ပြီး သွားစွယ်တွေကိုလျှာနဲ့သပ်လို့ တည်တည်ငြိမ်ငြိမ်ပဲ ထလာခဲ့လိုက်တယ်။
သူ့ရဲ့ နက်မှောင်ပြောင်လက်နေတဲ့ အမွေးတွေကတော့ နေရောင်ခြည်အောက်မှာတောင် အရောင်ဖျော့မသွားဘဲ စိုနက်နေတော့တာပဲ။
သူ့ကို မနက်စာကျွေးပြီးတဲ့ အချိန်မှာ အဖွားက လက်ဖက်ရည်ကြမ်းတစ်အိုးနဲ့ ခြံထဲက ထိုင်ခုံမှာဆင်းထိုင်လို့ ချည်လုံးတွေနဲ့ ထိုးလက်စမာဖလာကို ဆက်ထိုးလိမ့်မယ်။
ဂျေးလည်း မနက်စာစားပြီးတဲ့အချိန် အဖွားနားကိုလျှောက်လာပြီး ငြိမ်သက်လို့ ထိုင်နေရင်း သူ့အမွေးစိုနက်နက်တွေကို သန့်ရှင်းရေးလုပ်နေလိမ့်မယ်။
အဲ့ဒါက အသက်ကြီးရင့်နေပြီဖြစ်တဲ့ လူတစ်ယောက်နဲ့ကြောင်တစ်ကောင်နေထိုင်တဲ့အိမ်က အေးဆေးတည်ငြိမ်ပြီးပုံမှန်ဖြစ်လွန်းတဲ့ နေ့ရက်တွေပဲ။
YOU ARE READING
ကြောင်ပုံပြင်
Short Storyအဆော့သန်လွန်းတဲ့ အဲ့ဒီနေရောင်ခြည်လုံးလေးက သူ့တင်ပါးသေးသေးလေးတွေကို လှုပ်ရမ်းလို့ အမြဲဂျေးကို ခုန်အုပ်ဖို့ချောင်းနေခဲ့တာ.. ဂျေးကတော့ မမြင်ချင်ယောင်ဆောင်ပြီး ခွင့်ပြုထားလိုက်တယ်..သူက လှုပ်ရှားဖို့ပျင်းရိတဲ့ ကြောင်အိုကြီးတစ်ကောင်ဖြစ်နေပြီလေ