Unicode
ခပ်ဝေးဝေးမှာမြင်နေရတဲ့ကြယ်ကလေးတွေဟာ လွေပမဲ့ ပိုင်ဆိုင်ဖို့တော့ ဘယ်သူမှကြိုးစားလို့မရနိုင်ကြပေ။ခပ်မှိန်မှိန်ကြယ်ကလေးတွေကိုကြည့်နေတဲ့ မောင့်မျက်နှာ၌ လွမ်းဆွေးခြင်းနဲ့နှမြောတမ်းတခြင်းတို့ ဆတူရောယှက်နေသည်။
မေ့ထားတဲ့အကြောင်းတွေကို စဉ်းစားမိပြန်တော့ ဘယ်ဘက်ရင်အုံက တဆစ်ဆစ်နဲ့နာရပြန်သည်။နှလုံးသားတစ်ခုလုံးနဲ့ရင်းပြီးချစ်ရတဲ့ အမျိုးသမီးရဲ့ကိုယ်ပွားလေးသည် မောင့်အတွက်တော့ ကြယ်ကလေးတစ်ပွင့်လိုပင်။အချိန်တန်ရင် ဒီရင်ကိုစုံကန်သွားမှာသိသော်လည်း အခုချိန်ထိမောင်လက်ခံဖို့ အဆင့်သင့်မဖြစ်သေးပေ။ကြယ်ကလေးတွေသာ ဒီအတိုင်းလေးငေးကြည့်ရင်လှတယ်မဟုတ်လား။
နောက်ပြီး အရောင်စုံတဲ့ပန်းကလေးတွေအပါအဝင်ပေါ့။ချစ်ခြင်းမေတ္တာမှာ အတ္တထားမိသွားရင် အေးချမ်းမှုဆိုတာကိုရှာတွေ့တော့မည်မဟုတ်ပေ။သို့သော်လည်း မောင်သည် မြူနှင်းကို အတ္တလွန်ကဲစွာချစ်နေတော့ ခက်ရပြန်သည်။
ဒီသမီးလေးထွက်သွားတဲ့နေ့ဟာ မောင့်မျက်ရည်တွေမြစ်သဖွယ်စီးဆင်းသွားမှာအသေအချာပင်။"မောင်"
ချိုသာလှသည့်နုအသံကိုကြားသည်နဲ့ မောင့်ရဲ့လက်တွေသည် ပါးပြင်ပေါ်မှ မျက်ရည်တွေကိုသုတ်ပြီးနေလေပြီ။ကိုယ့်ရဲ့အပူတွေကို ကိုယ်ချစ်တဲ့သူတွေကို မကူးစက်စေချင်တာ မောင့်ရဲ့အချစ်နဲ့မေတ္တာပင်။
"အန္တီ"
"ငိုထားတာလား"
"ဟင် မငိုပါဘူး။မောင်ကဘာလို့ငိုရမှာလဲအန်တီရဲ့"
"သေချာရဲ့လားကလေးရယ်။မောင်နဲ့တို့အတူရှိလာတာ နှစ်တွေတောင်မနည်းတော့ဘူး။မောင်တစ်ခုခုဆို တို့သိတာပေါ့။အင်း မောင်မပြောချင်ရင်နေပါကွယ်။တို့က အတင်းမမေးပါဘူးကလေးရဲ့"
"အန္တီ"
နစ်ဝင်နေတဲ့မောင့်အသံ...။ရှိုက်သံစွတ်နေတဲ့မောင့်အသံ...။နီရဲနေတဲ့မောင့်မျက်ဝန်းလေးတွေနဲ့တင် နုရိပ်မိသည်။မောင့်ကို နှစ်တွေအကြာကြီးထိ ချစ်နေတဲ့နု အသေအချာသိသည်။
![](https://img.wattpad.com/cover/355264836-288-k249336.jpg)