အခန်း ( ၇ )
" မင်း ဘယ်သူပြောတာလဲ … အောင်ကြီးရ … ဟုတ်တယ် … သရဲလဲမဟုတ်ဖူး အရူးလဲမဟုတ်ဖူး … လူကောင်းပါကွာ '
" မင်း … အဘ … ရွာထဲ လည်ပြောနေတာလေ "
" ဟမ် "
မကြာဘူးဗျို့ တစ်ယောက်ပြီးတစ်ယောက် ရောက်လာကြတာ အိမ်ကို လူစည်နေရောပဲ။တစ်ယောက်ပြီးတစ်ယောက် မေးကြမြန်းကြနဲ့ ဆူညံနေတာ။အဘက ရွာထဲ လည်ပြီး မောင်းထုနေတာဗျို့။ညနေပိုင်းလောက်မှ လူရှင်းသွားတော့တာ မအေဘေး မောင်တိုးဆို ၃ ခေါက်ရှိပြီ အိမ်ပြန်သွားလိုက် ပြန်လာလိုက်နဲ့ ရေမိုးချိုးပြီး နောင်ဆုံးခေါက်လာတော့ အမေ့ဖို့ ငါးခြောက်တွေ ယူလာသေးတာဗျ။
မြစမ်းကြည်ရောက်လာပြီးမှ အိမ်လည်း လက်ဆောင်ပစ္စည်းတွေ ဟိုကလာပို့ ဒီကလာပို့နဲ့ အရီးဖို့ အရီးဖို့သာ ပြောနေတာ မျက်လုံးတွေက မြစမ်းကြည် ကိုယ်ပေါ်မှာပဲ။မြစမ်းကြည်က ဘာသာရေးလည်း ကိုင်းရှိုင်းတယ်ဗျို့ စကားပြောလည်း ယဉ်ကျေးတော့ အမေက သမီး သမီးနဲ့ ပါးစပ်ကကို မချတော့တာ။
ကျုပ်တောင် မနာလို ဖြစ်မိတယ်ဗျာ။ထမင်းဟင်း ချက်လည်း အမေ့ကို ဘေးကနေ ကူလုပ်ပေးတာဗျ။ဒီနေ့မနက်ပိုင်း မြစမ်းကြည်ချက်တဲ့ ခရမ်းချဉ်သီးချက်ရယ် မောင်တိုးပေးထားတဲ့ ငါးခြောက်ကိုဖုတ်ပြီး ဆီလေးစမ်းထားရယ် ကျုပ်အကြိုက်ပဲဗျာ။မြစမ်းကြည်ချက်တာလဲ အစပ်အဟတ်တည့်သဗျို့။အမေက ငရုတ်သီးလေး ထောင်းပေးတော့ ဘာပြောကောင်းမလဲ အဝတီးပစ်တာပေါ့။မနက်စာ စားအပြီး ထန်းညှက်ခဲလေးကိုက်လိုက် ရေနွေးဂျမ်းလေး သောက်လိုက်နဲ့ အချိုတည်းနေတုန်း…
" ဟေးးးး … မယ်စိန် … ရှိလား ဟေ့ "
ဟော … အဖေ့ အကို ဦးကြီးပေါ ဗျို့ … လက်ထဲ အထုပ်တစ်ထုပ်နဲ့ ခြံဝကနေ လှမ်းအော်ရင်း ဝင်လာနေတာ။အဖေ့ အကိုဆိုပေမယ့် အဖေနဲ့တခြားဆီပါ ဗိုက်ပူပြီး နဖူးနဲနဲပြောင်တယ်ဗျ။လူက ခပ်ဝဝ ဆိုပေမယ့် လှမ်းလျှောက်ရင် သွက်တယ်ဗျို့ ပြောရင်းဆိုရင်း ကျုပ်တို့နား ရောက်လာပါပြီ။
" ရှိပါ့ … ကိုပေါရယ် … ဘာတွေလဲ … လက်ထဲက အထုပ်က "
အနားရောက်လာတဲ့ ဦးကြီးပေါကို အမေက ပြုံးပြီး မေးနေတာဗျ။