ဘာကြောင့် စာရေးသလဲ ?
ဘာကြောင့် စာဖတ်သလဲ?
ပထမဆုံး စာနဲ့ပတ်သက်တဲ့ အတွေးအမြင်လေးတွေပြောရအောင်နော်။စာဖတ်သူရော စာရေးသူပါ အသုံးဝင်နိုင်လိမ့်မယ်လို့မျှော်လင့်ပါတယ်။ ကျွန်တော်ဖတ်ထားဖူးတဲ့ စာပေနဲ့ပတ်သက်သောစာအုပ်တွေကို ကိုးကားပြီး ကျွန်တော့် အမြင်လေးတွေဖြည့်ပြောမှာပါ။
စာပေမှာ အဓိက သုတနဲ့ရသရှိတယ်ပေါ့နော်။ စာဖတ်ရတာနှစ်သက်တဲ့ လူတော်တော်များများမှာ မေးခံရလေ့ရှိတဲ့ စကားက နင်ဘာစာတွေဖတ်သလဲ? စာဖတ်တော့ဘာရသလဲ? ဘယ်နားသွားသုံးမှာလဲ? စတဲ့မေးခွန်းတွေပေါ့။ ခနဲ့တာလား ၊ တမင်စမ်းချင်လို့မေးတာလားဆိုတာတော့ သူတို့အပိုင်းပါလေ။မေးခွင့်ရှိပါတယ်။ကျွန်တော့်တို့မှာလည်း ဖြေခွင့်ရှိတယ်။ အဲ့တော့ ဖြေစရာလိုတယ်ပေါ့နော်။
စာကနေဘာရလဲ မေးရင် ၊ ဘာလိုချင်လို့ဖတ်တာလဲဆိုတဲ့ တိကျတဲ့မေးခွန်းလိုတယ်ဗျ။ ကိုယ့်လုပ်ငန်းအတွက်လား၊အပြင်မှာ တကယ်လက်တွေ့အသုံးချဖို့လား၊ ဒါဆိုရင် သုတရှာဖတ်ပြီးလက်တွေ့အသုံးပြုနိုင်တယ်လေ။ လက်မူပညာလုပ်နေတဲ့လူတစ်ယောက်က လက်မူပညာနဲ့ ပတ်သက်တဲ့စာတွေရှာဖတ်ပြီး ပညာယူနိုင်သလို၊ဘာသာစကား၊ စိုက်ပျိုးရေး ၊မွေးမြူရေး စတဲ့ သုတစာပေတွေက လက်တွေ့ပြန်အသုံးကျတဲ့ စာအုပ်၊စာပေတွေမဟုတ်ဘူးလား။
ကဲ ဟုတ်ပါပြီ သုတကတော့ထားပါတော့၊ ရသကျတော့ရောလို့မေးလာရင် ဆရာကြီးအောင်သင်းပြောတဲ့ စကားလေးကို ကျွန်တော်နားလည်တဲ့အတိုင်းလေးပြန်ရှင်းပြပါ့မယ်။
ကျွန်တော်တို့ စကားလုံးတွေဆိုတာ တစ်ယောက်နဲ့တစ်ယောက်ဆက်သွယ်ဖို့ ပြုလုပ်ထားတဲ့တံတားပဲ။အဲ့စကားလုံးကိုမှ စကားလုံးချည်းသပ်သပ်မဟုတ်ဘဲ ခံစားမူပါအတူရောထည့်ပေးတဲ့ စာကို ရသစာပေလို့ အလွယ်မှတ်လို့ရပါတယ်။
ဥပမာ ကျွန်တော်က "ပျော်လိုက်တာ"လို့ရေးလိုက်တာဖြစ်ဖြစ်၊ပြောလိုက်တာဖြစ်ဖြစ် စာဖတ်သူတွေက "သြော် သူပျော်နေတာပဲ"လို့ သိတယ်၊ ဒါပေမယ့် ကျွန်တော်နဲ့ထပ်တူ ပျော်ရွှင်မူကိုမခံစားရဘူး သိရုံပဲသိမယ်။ အဲ့လိုပဲ "ဝမ်းနည်းလိုက်တာ"လို့ပြောရင်လည်း ဝမ်းနည်းတာကိုသိတယ် ဒါပေမယ့် မခံစားရဘူး အတူလိုက်ပြီး တော့လည်း ထပ်တူ ဝမ်းနည်းမှာမဟုတ်ဘူး။အဲ့တော့ စကားလုံးသပ်သပ်မဟုတ်ဘဲ ထပ်တူထပ်မျှ ခံစားချက်ကို ဖလှယ်နိုင်၊ဆက်သွယ်နိုင်၊ပေးစွမ်းနိုင်တဲ့ နည်းလမ်းလေးဟာ ရသစာပေပါတဲ့။