မှောင်ပိတ်ချထားတဲ့ ခပ်မှိုင်းမှိုင်းမီးခိုးရောင်လိုက်ကာအပြည့်တို့က မနက်ခင်းတိုးဝင်လာတဲ့နေရောင်တစိုးတစကို တားဆီးနိုင်ခြင်းမရှိသည့်အချိန်မှာတော့ ရှုပ်ထွေးပိတ်လှောင်နေတဲ့အခန်းထဲ ဟိုတစ်စဒီတစ်စ ထိုးဖောက်လို့လာတယ်။ကုတင်ထက် အခန်းတွင်းနဲ့လိုက်ဖက်စွာ မီးခိုးရောင်စောင်အပြည့်ကိုဆွဲခြုံထားရင်း ငြိမ်သက်စွာတိုးဝေ့အိပ်ပျော်နေတဲ့လူငယ်။ နေရောင်တိုးတဲ့အထိ သူ မနိုးနိုင်သည့်အကြောင်းရင်းခံမှာ ကုတင်အောက်ပြန့်ကျဲရှုပ်ပွနေတဲ့ ပုလင်းခွံမြောက်များစွာတို့က သက်သေ။
" တီး ------- တောင် "
အဆက်မပြတ်ထွက်လာတဲ့ အိမ်ရှေ့ဘက်ခြမ်းဆီက ဘဲလ်သံ။ အိပ်မောကျနေတဲ့လူငယ်လှုပ်ရှားလာပေမယ့် ခေါင်းအုံးထဲနစ်နေတဲ့မျက်နှာကတော့ ပေါ်မလာခဲ့ဘူး။ ဆက်တိုက်ထွက်လာတဲ့ အသံတွေကြောင့် တစ်ဖက်ခေါင်းအုံးနဲ့ ဖိကပ်ရင်းကြိုးစားပေမယ့် မရပ်တမ်းထွက်နေတဲ့အခါမှာတော့ အိပ်ယာကနေ ရုန်းထရင်း "ဟားး" ခနဲ ဆိုတဲ့စိတ်ပျက်သံကကျယ်ကျယ်လောင်လောင်။
" တီး -------- တောင် "
တံခါးလာမဖွင့်တာဆယ်မိနစ်လောက်ရှိပြီမို့ ဆံပင်ကောက်ကွေးနဲ့ ကောင်လေး မျက်နှာက ဆူပုပ်ပုပ်စဖြစ်လာပြီ။ ဒါပေမယ့် လက်လျှော့ပြန်လှည့်ဖို့ဆိုတာ ဘယ်တုန်းကမှ သူ့ဘဝမှာ မရှိခဲ့တဲ့အရာ။ ထပ်ခေါ်ဖို့ ဘဲလ်ကိုလက်လှမ်းတဲ့အချိန်မှာပဲ ရုတ်တရက်ပွင့်လာတဲ့ တံခါးတွေ။
တံခါးပွင့်ပြီမို့ ပျော်လို့ ညွှန့်တက်သွားတဲ့နှုတ်ခမ်းဖျားတို့က ထပ်ပေါ်လာတဲ့ အိပ်ချင်မူးတူးလူကြောင့် ပျောက်ရှသွားရတဲ့အထိ။" ဟီးဆွန်းနီဟျောင်းလား? "
တစ်ဖက်လူက တအံ့တဩပါးစပ်အဟောင်းသားလေးဖြစ်နေတဲ့ ဥပက္ခာပြုရင်းပဲ အိမ်ထဲဝင်သွားပေမယ့် အဲ့ကလေးကတော့ နောက်က တကောက်ကောက်ပါလာတယ်။ နံစော်နေတဲ့ အရက်နံ့နဲ့ ရှုပ်ပွထိုင်းမှိုင်းနေတဲ့ သူ့ပုံစံကိုလည်း အကဲခတ်ကြည့်ရင်း နှာခေါင်းရှုံ့သေးတယ်။