ယခင်နေ့တွေအတိုင်း ကျောင်းဆင်းသည်နှင့် ကျောင်းကားပေါ်သို့ သူငယ်ချင်းတစ်သိုက်နဲ့ အတူတူမတက်ရပါ ။
ကျောင်းကား၏နံဘေးတွင် ဒေါ်လေးဖြစ်သူ ဂျက်စ်၏ကားနက်လေးမှာ အသင့်စောင့်ဆိုင်းနေသည် ။
ညနေခင်းရာသီဥတုမှာမိုးတဖွဲဖွဲဖြစ်နေသည့်အပြင် နံနက်ကရွာထားသည့်မိုးအရှိန်ကြောင့် ကျောင်းခြံဝင်းပြင်တွင်ရှိနေသော ဗွက်အိုင်ဟိုတစ်ကွက် သည်တစ်ကွက်ကို ရှောင်တိမ်းရင်း ကားဆီသို့ပြေးသွားလိုက်သည် ။
" ကျောင်းသား မပြေးနဲ့ချော်လဲမယ် "
နောက်ကျောဘက်မှ တစွန်းတစအော်ပြောနေသည့် ကျနော်တို့၏ ဂိတ်စောင့်ဦလေးကြီးအသံကို လျစ်လျူရှု့ရင်း မြန်မြန်ပြေးသွားသည် ။
ဒီနေ့ သောကြာနေ့ ။ ကျနော့်ရဲ့ ဖေဖေကို ဆေးရုံမှာသွားတွေ့ရမည်လေ ။
ကျနော်က အထက်တန်းကျောင်းသားဖြစ်သည့်အတွက် မေမေက နေ့တိုင်းဖေဖေနဲ့ ပေးတွေ့ခြင်းမပြုပါ ။
သောကြာနေ့ညနေမျိုးတို့တွင်မှ အဒေါ်နှင့်အတူလိုက်ပါစေပြီး စနေ ၊ တနင်္ဂနွေ နှစ်ရက်တူတူ ဆေးရုံတွင်နေစေသည် ။ မေမေကတော့ ဆေးရုံမှာ တစ်ချိန်လုံးနေပေးသည် ။
အရင်တစ်ပတ်တွေ့ခဲ့တုန်းက ဖေဖေရဲ့မျက်နှာမှာချောင်ကျနေပြီး အစားအသောက်လဲသိပ်မမှန်ပါ ။
ဖေဖေ့ရဲ့ရောဂါနှင့်ပတ်သက်ပြီး ကျနော်အတိအကျမသိရပါ ။ သို့ပေမဲ့ သူတော်တော်ခံစားနေရသည်ကိုတော့ မြင်မိသည် ။
" ကယ်လ်ဗင် ခါးပတ်သေချာပတ် "
" ဟုတ်ကဲ့ "
ခါးပတ်ပတ်လိုက်ပြီး ကားဆိုဖာကိုနောက်သို့အနည်းငယ်နှိမ့်ကာနေရင်း မှန်ပြတင်းပေါက်မှအပြင်ကိုကြည့်နေလိုက်သည် ။