ချောကလက်ကိတ်ပေါ်က ချယ်ရီသီးကို ဖဲ့ပြီး ပန်းကန်ဘေးမှာပုံလိုက်သည်။ ငွေရောင်လက်လက်ထနေတဲ့ ကနုတ်တွေနဲ့ ငွေဇွန်းက သူ့အကြိုက်တော့မဟုတ်။ ဒါပေမယ်သူ့ကို စိတ်အနှောင့်အယှက်ဖြစ်ရလောက်အောင်တော့လည်း မဟုတ်လှ။ ချောကလက်ကိတ်အတုံးလေးထဲကို ဇွန်းထိပ်ဖျားက အိကနဲနစ်ဝင်သွားပြီး သူ့ပါးစပ်ထဲ တတ်နိုင်သမျှ အပိုင်းအစသေးသေး ပဲထည့ိလိုက်ပေမယ့် လျှာဖျားမှာ ခါးသက်သက် ချောကလက်အရသာက စွဲကျန်နေခဲ့သည်။ သူ ချောကလက်မကြိုက်ပါ။"Oppa အရသာဘယ်လိုနေလဲဟင်။"
သူမရဲ့ မျှော်လင့်တကြီးနဲ့ တက်ကြွနေတဲ့ စိတ်အခြေအနေကို မဖျက်စီးချင်တာနဲ့ပဲ သူခပ်သွက်သွက် ခေါင်းငြိတ်ပြလိုက်သည်။
"ဒါပဲရွေးတာပေါ့။"
ဝတ်စုံအဖြူနဲ့ စားဖိုမှူးရဲ့ ရက်ရောမှုကို အားနာပေမယ့် နောက်ထပ် ကိတ်အချိုတွေ ထပ်မြည်းရလောက်အောင် သူ အင်အားမရှိ။
နှုတ်ခမ်းမှာပေနေမယ့် ကိတ်မုန့် အစတွေကို တစ်ရှူးနဲ့ ခပ်ကြမ်းကြမ်းသုတ်ပြီး ဂျင်းဘောင်းဘီအိတ်ထဲမှာ viberation နဲ့ တုန်ခါနေတဲ့ ဖုန်းကို ထိုင်ရာက နည်းနည်းမှ မကြွပဲ ကတ်သီးကတ်သတ် ဆွဲထုတ်လိုက်သည်။
သူမသိတဲ့ အ၀င် နံပါတ်ကို မျက်မှောင်ကျုတ်ကြည့်ပြီး ခဏ စဉ်းစားနေမိသည်။ ဒီအချိန်မှာ ဖုန်းဆက်ရလောက်အောင် အရေးကြီးတဲ့ ကိစ္စ ဘာရှိသလဲဆိုတာ သူ့ဦးဏှောက်က အလုပ်ပေးရင်း လက်ညိုးက call accept ခလုတ်ကို နှိပ်ပြီးသား။ပုခုံးနဲ့ နားရွက်ကြားမှာ ဖုန်းကိုညှပ်ရင်း သူမ စိတိဝင်တစားထိုးပြနေတဲ့ ကိတ်မုန့်ပုံစံစာအုပ်ကို လက်တဖက်က တဖျတ်ဖျတ်နဲ့ လှန်နေလိုက်သည်။ သူ စိတ်ဝင်စားတာ မ၀င်စားတာထက် သူမ ကျေနပ်ဖို့က အဓိက ကျတာပဲ။
"Yeobosaeyo"
တဖက်က ဘာအသံမှ မပြန်လာပဲ တိတ်ဆိတ်နေသည်။ သူ ဒီလောက်ဆို စိတ်မရှည်တော့။ ဖုန်းကို ချဖို့ လက်က ကိုင်လိုက်တဲ့အချိန် တဖက်က အသံခပ်တိုးတိုးက သူ့နားထဲမှာ အဆ တစ်ထောင်မက ကျယ်လွန်းလှသည်။
"Dae?"
ကမ္ဘာလောက၏ ဖြစ်တည်မှုအားလုံးတို့သည် အမှုန်အမွှားများ စုပေါင်းလည်ပတ်ရာမှ စတင်ခဲ့သည်ဆိုလျှင် ယခု သူ့ကမ္ဘာသည် ရုတ်ချည်းရပ်တန့်ကာ တည်ဆောက်ပြီးသော အစိုင်အခဲတို့ ကြေမွလွင့်စင်ကုန်သည်လို့ ဆိုရမည်။